ကြိုဆိုပါတယ်

Popular Posts

နာဂ နှစ်သစ်ကူးပွဲတော်သည် နအဖ အကျိုးအတွက်သာဖြစ်ဟု NNDO ပြောကြား

သောကြာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၀၈ ခုနှစ် ၀၂ နာရီ ၄၇ မိနစ်(မဇ္ဈိမ)

နာဂ အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်သည် နာဂ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို အစစ်အမှန် ဖော်ထုတ်ပေးနိုင်မည့် ပွဲတော်မဟုတ်ဘဲ ယဉ်ကျေးမှုကို ဘန်းပြကာ နိုင်ငံခြားဝင်ငွေ ရှာဖွေနေသည့် ပွဲတော်သာဖြစ်သည်ဟု နာဂ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ (NNDO) က ပြောဆိုလိုက်သည်။
နအဖ စစ်အစိုးရ အစီအစဉ်ဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ ရှိသည့် နှစ်သစ်ကူး ပွဲတော်တွင် နာဂ ယဉ်ကျေးမှု ဓလေ့စရိုက်များကို နိုင်ငံခြားသား ဧည့်သည်များကို ပြသခြင်းဖြင့် နိုင်ငံခြားဝင်ငွေကို ရှာဖွေပြီး စစ်လက်နက် ဝယ်ယူရေးတွင် အသုံးချနေခြင်းကြောင့် နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ယခုနှစ် ကျင်းပမည့် ပွဲတော်သို့ လည်ပတ်ခြင်း မပြုရန်အတွက် ဂျပန်နိုင်ငံ အခြေစိုက် NNDO က ယမန်နေ့က ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါက ကျနော်တို့ရဲ့ ယဉ်ကျေးမှုကို ဘန်းပြပြီး နိုင်ငံခြားဝင်ငွေ ရအောင် လုပ်နေမှန်း ထင်ရှားပါတယ်။ ကျနော်တို့က နိုင်ငံခြားသားတွေကို ဒီပွဲတော်ကို မလာကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျနော်တို့ကိုယ်တိုင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့အခါကျမှ လာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီပွဲကို လာခြင်းအားဖြင့် နအဖ အစိုးရကို ပံ့ပိုးပေးနေသလို ဖြစ်နေလို့ပါ” ဟု NNDO မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဘက ပြောသည်။
နှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာ ယဉ်ကျေးမှု ကော်မတီက ၂ဝဝ၃ မတိုင်မီကတည်းက နာဂလူမျိုးနွယ်ဝင် မျိုးနွယ်စုများ စည်းလုံး ညီညွတ်ရေးအတွက် ၎င်းတို့ အဓိကနေထိုင်ရာ စစ်ကိုင်းတိုင်း အတွင်းရှိ ခန္တီး၊ နန်းယွန်း၊ လေရှီးနှင့် လဟယ်မြို့များ၌ တနှစ်လျှင် တမြို့ကျ အလှည့်ကျနည်းဖြင့် ပွဲတော်ကျင်းပရန် ဆုံးဖြတ်ကာ လုပ်ဆောင်ခဲ့သော်လည်း နအဖ က ချုပ်ကိုင်လိုက်သည့် ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှ စတင်ကာ လေရှီးနှင့် လဟယ်မြို့ ၂ မြို့၌သာ ကျင်းပခွင့် ရလာခဲ့သည်။
နအဖ စစ်အာဏာပိုင်များက ဒေသခံ နာဂတိုင်းရင်းသား ယဉ်ကျေးမှု ကော်မတီကို လျစ်လျူရှူပြီး ပွဲတော်ကျင်းပခွင့် ကန်ထရိုက်ကို Diamond Palace ကုမ္ပဏီသို့ ၂ဝဝ၃ ခုနှစ်တွင် ပေးအပ်ခဲ့သည်ဟု NNDO ကြေညာချက်တွင် ဖော်ပြထားသည်။
ပွဲတော် ကျင်းပရန်အတွက် မဏ္ဍပ်များ၊ ဆိုင်ခန်းများနှင့် ယာယီ အဆောက်အဦများ ဆောက်လုပ်ခြင်းများတွင် နာဂရွာများမှ ရွာသူရွာသားများကို တလကြာ ခိုင်းစေခဲ့ပြီး အခကြေးငွေပေးခြင်း မရှိဘဲ အဓမ္မခိုင်းစေခြင်း၊ ပွဲတော်လာ ဧည့်သည်များအတွက် နေရာထိုင်ခင်းအဖြစ် ဒေသခံများ၏ နေအိမ်များကို အာဏာပိုင်များက အခမဲ့ အသုံးပြုစေခြင်း စသည်တို့အပြင် အဓမ္မလုပ်အား စေခိုင်းမှုများကိုလည်း ကျူးလွန် ခံနေရသည်ဟု ဦးအောင်ဘက ပြောသည်။
နအဖ စစ်အစိုးရသည် နာဂလူမျိုးများ၏ ယဉ်ကျေးမှုကို မြှင့်တင်ပေးလိုသောကြောင့် နှစ်သစ်ကူး ပွဲတော်များကို မေတ္တာစေတနာဖြင့် ကျင်းပပေးနေသည်ဟု ဆိုနေသော်လည်း ပွဲတော်ကျင်းပရာ ဒေသ အပါအဝင် အနီးအနားရှိ မြို့များတွင် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ လုပ်ဆောင်ခြင်း မရှိသဖြင့် ဒေသခံ တိုင်းရင်းသားများ၏ လူနေမှုစနစ်မှာ အလွန် နိမ့်ကျနေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
“ပြောရမယ်ဆိုရင်ဗျာ ကျနော်တို့ ဒေသအတွက်ကတော့ ပွဲသိမ်းဖျာလိပ်ပဲ။ ပွဲလည်းပြီးရော ကျနော်တို့ ဒေသအတွက် ဘာကျန်ခဲ့လည်းဆိုရင် ဘာမှ မကျန်ခဲ့ဘူး။ တကယ်တမ်း လိုအပ်တဲ့ စာသင်ကျောင်းတို့၊ ဆေးရုံတို့ စတဲ့ ဒေသဖွံ့ဖြိုးမှု တခုမှ အကျိုးအမြတ်ဆိုတာ မရဘူး” ဟု ဦးအောင်ဘက ပြောသည်။
နာဂလူမျိုးများ၏ ရှေးရိုးရာ ယဉ်ကျေးမှုတရပ်အဖြစ် ဘိုးဘေးဘီဘင် လက်ထက်မှ ထိန်းသိမ်းလာသည့် ကခုန်ခြင်း ဓလေ့မှာ လူမျိုးအတွင်း တဦးနှင့် တဦး ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်အတွက် ရည်ရွယ်ခဲ့ကြသော်လည်း ယခု နောက်ပိုင်းကာလတွင် ဒေသအာဏာပိုင်များ၊ နိုင်ငံခြားသား ဧည့်သည်များကို ဖျော်ဖြေပေးနေရသည့် ဖျော်ဖြေရေး အစီအစဉ်တရပ် အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
“ကခုန်တယ်ဆိုတာက တဦးနဲ့ တဦး ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ဖို့ပါ။ အခုကတော့ Entertainment သဘောဖြစ်သွားတာ။ အဲဒီဟာက အဆိုးရွားဆုံး ဖြစ်နေတယ်။ ကြည့်လိုက်ပါ တီဗီမှာ လာပါလိမ့်မယ်။ အဲဒီမှာ ကပြနေတယ်ဆိုတဲ့ နာဂ တိုင်းရင်းသားတွေမှာ အပြုံးဆိုတာ မရှိတော့ဘူး။ အားလုံးက By Forc နဲ့ ကခိုင်းခံရတာကိုး” ဟု ဦးအောင်ဘက ပြောဆိုသည်။
နအဖ စစ်အစိုးရက နာဂ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပွဲတော်များကို ထိန်းချုပ် ထားနိုင်သည့် ကာလပတ်လုံး နာဂ တိုင်းရင်းသားများသည် စစ်ဖိနပ်အောက်တွင် ရှေးရိုးရာ ယဉ်ကျေးမှုများကို စစ်တပ်အကျိုးအတွက် အသုံးချခံရခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးခံရခြင်း၊ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူုးလွန်နေဦးမည် ဖြစ်သောကြောင့် ယခုလို ဘန်းပြလုပ်စားသည့် လုပ်ရပ်များကို ဆန့်ကျင်ခြင်းဖြင့် နအဖ စစ်အုပ်စုကို ပံ့ပိုးမှုများ မလုပ်ဆောင်ကြရန် NNDO ကြေညာချက်တွင် တောင်းဆိုထားသည်။

No comments:

Post a Comment