ကြိုဆိုပါတယ်

Popular Posts

အခန်း ၅။ နာဂနိုင်ငံ၏အလံတော်

နာဂနိုင်ငံ၏အလံသည်အနံလေး(၄)ပေ အလျားခြောက်(၆)ပေရှိပြီး မိုးပြာရောင်အပေါ်တွင် ခြောက်ထောင့် ကြယ်တစ်လုံးနှင့် သက်တံတစ်ခုဖြင့် ခြယ်ထားသော အလံဖြစ်သည်။ နာဂအလံထဲတွင် သက်တံထည့်သွင်းခြင်းသည်ထူးဆန်းသည်။ဘုရားသခင်၏အလိုတော်အရဖြစ်သည်ဟုပင်ယူဆနိုင်သည်။ ထူးဆန်းသည် ဟုဆိုခြင်းမှာ-ဦးဖီဇိုသည် မိသားစုတို့နှင့်အတူ ရန်ကုန်တွင် ၁၉၃၃-ခုနှစ်မှ ၁၉၄၆-ခုနှစ်အထိနေထိုင်ခဲ့သည်။ ၁၉၄၆-ခုနှစ် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာနေသောအချိန်တွင်နာဂ လူကြီးများကဦးဖီဇိုအားနာဂလန်းသို့ အမြန်ဆုံးပြန်လာပြီး တိုင်းပြည်ကို ဦးစီးဦးဆောင်ပြုရန်ခေါ်ခဲ့သော
ကြောင့် ဦးဖီဇိုသည် မေလတွင် အမိနယ်မြေနာဂလန်းသို့ မိသားစု အားလုံးနှင့် အတူလာခဲ့သည်။ သူတို့နာဂလန်းသို့ရောက်လာပြီး ကိုဟီးမားမြို့တော်သို့ အဝင် (ဝင်ခါနီး)တွင် သက်တံသည် ကိုဟီးမားမြို့အပေါ်တွင်ထူးဆန်းစွာပေါ်ခဲ့ကြောင်း။သူတို့အားကွေးကောက်သောသက်တံဖြင့်ကြိုဆိုသကဲ့သို့ ဖြစ်ခဲ့ကြောင်း။ ထိုအခါ ဦးဖီဇိုသည် စိတ်ကြည်နူးမှုဖြစ်ပြီး။ ဤသက်တံ့သည် နာဂလန်း၏ အလံတွင် ထည့်ရင်ကောင်းမည်ဟု စဉ်းစားခဲ့သည်ဆိုသည်။ ထို့နောက်တွင်လည်း အရေးကြီးအစည်းအဝေး ပြုလုပ်နေသောအချိန်များတွင်သက်တံပေါ်ခဲ့ကြောင်း။ ထို့ပြင် ၁၉၅၅-ခုနှစ် ဆေန်ဒေးညူ(Sendenyu)ရွာနားပါရာရှန်(Parashan)ဗဟိုစခန်းတွင်  နာဂလန်း ခေါင်းဆောင်များသည် နာဂနိုင်ငံတော်၏ အလံကိုမည်ကဲ့သို့ ပြုလုပ်မည်ဟု ဆွေးနွေးရန် အစည်းအဝေး ထိုင်ကြသောအခါ သက်တံသည်ထူးထူးဆန်းဆန်း ပေါ်ခဲ့ပြန်ကြောင်း။  ထို့ကြောင့် အစည်းအဝေးတက်ရောက် လာသူများ

အားလုံးက ဤဟာသည်ဘုရားသခင်ကကျွန်တော်တို့၏ နိုင်ငံတော်အလံတွင်ထည့်ရန်ပေးခြင်းသာဖြစ်
သည်ဟုခံယူကာ သက်တံကို နာဂလန်းအလံတွင် ထည့်သွင်းရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြ
သည်ဟု ဆိုသည်။ ပဥမဦးဆုံးအလံကို ရေန်မား (Rengma) အမျိုးသမီး ဒေါ် Lontham နှင့်ဒေါ် Keshenle တို့က ယက်ပေးခဲ့ကြောင်း။ ထိုအလံကို နာဂလန်းဖက်ဒရယ်အစိုးရ ဖွဲ့စည်းသောနေ့ ၁၉၅၆-
ခုနှစ်မတ်လ (၂၂) ရက်နေ့ပါရာရှန် ဗဟိုစခန်းတွင် ပဌမ ဦးဆုံး လွှင့်ထူခဲ့သည်။ အလံကိုလွှင့်တင်ရန် ဗြိတိသျှအုပ်ချုပ်မှုကိုခံခဲ့သောနာဂလူမျိုးများထဲမှမဖြစ်ရ။ လွတ်လပ်သော (Free) နာဂတို့ကသာလျှင် လွှင့်တင်ရမည်ဟု  နအက ဥက္ကဌ ဦးဖီဇိုကပြောသောကြောင့် Free နာဂဖြစ်သော Gen.Thongti (Naga Home Guard ဦးစီးချုပ်)က လွှင့်တင်ခဲ့ကြောင်း။ ထိုနေ့တွင် နာဂခေါင်းဆောင်များ ပြောခဲ့သည်မှာ-ကျွန်တော်တို့နာဂလူမျိုးများသည် ရှေးပဝေသဏီမှစ၍ ဘုရင်ဟူ၍ မရှိခဲ့ပါ။ သို့သော်ယခုကျွန်တော်တို့၏ဘုရားသခင် ယေရှုခရစ်တော်သည် ကျွန်တော်တို့၏ ဘုရင်ဖြစ်သည်။ ထို့
ကြောင့် နာဂလန်းသည် ခရစ်တော်အတွက်ဖြစ်သည်ဟုဆိုကာ အလံလွှင့်တင်ရာတွင်“Nagaland For Christ” ဟုပြော၍ လွှင့်တင်ခဲ့သည်။ နောင်တွင် ဤစကားလုံးသည်နာဂအမျိုးသားများ. “ဆောင်ပုဒ်” (National theme) ဖြစ်လာခဲ့သည်။ ထိုနေ့နာဂလန်းဖက်ဒရယ်အစိုးရ (Federal Government of Nagaland) ကို ဖွဲ့စည်းခဲ့သောနေ့တွင်  အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ပြီး ဖွဲ့စည်းခဲ့သည်။ နာဂလန်း
ဖက်ဒရယ်အစိုးရ၏ ပဌမဦးဆုံး သမ္မတဖြစ်ခဲ့သူ ဦးခရီဆာနီးဆား(Khriesaneisa) က Rom: 10-18, နှင့် 1Peter 2:9-10, ဝန်ကြီးချုပ် ဦး Wheha က Matt.6:33, အုပ်ချုပ်ရေးမှူး (Governor) ဦး Kruzhalie က Rom:3:33, နအက ဥက္ကဌ ဦး Phizo က Zechariah 4:6  စသည့် ကျမ်းပိုဒ်များကိုဖတ်
ခဲ့ကြသည်။ ကျမ်းစာဖတ်ပြီး သမ္မတ ပြောခဲ့သည်မှာ-နာဂနိုင်ငံ၏ မှန်ကန်သောရပ်တည်ချက်  (Naga national right) ကို တကမ္ဘာလုံးက သိလာလိမ့်မည်။ အိန္ဒိယက နာဂနိုင်ငံအား နိုင်မည်မဟုတ်။ ဝန်ကြီးချုပ် ပြောခဲ့သည်မှာ-နာဂနိုင်ငံ သည် ထူးမြတ်သောနိုင်ငံဖြစ်သည်။ ထို့ကြောင့် နာဂခေါင်းဆောင်များသည်ရိုးသားဖြောင့်မတ်ရမည်။ဘုရားကိုရိုသေကိုင်းရှိုင်းရမည်။ထိုသို့မဟုတ်ပါက သရေလ ခေါင်းဆောင်(ဘုရင်) များကဘုရားသခင်အား ပစ်ပယ်၍သွားသောအခါ သရေလ လူမျိုးတို့သည် ဒုက္ခရောက်ခဲ့ကြသကဲ့သို့ နာဂတို့သည်လည်း ဒုက္ခရောက်လိမ့်မည်ဟု ပြောခဲ့သည်။
၂ဝဝဝ-ခုနှစ် ဒီဇင်ဘာ (၃) ရက်တွင် နာဂအလံအကြောင်းကိုKonyak အမျိုးသမီး ယားဟွယ် (Miss Yahoi) အား စာရေးသူက ပြောပြခဲ့ရာ သူမကလည်းသူမ၏အတွေ့အကြုံကို စာရေးသူအားအောက်ပါ အတိုင်းပြောခဲ့ဘူးသည်။
“ကျမသည်ကိုးလမစေ့မှီ(၇)လမှာမွေးခဲ့သူဖြစ်သည်။ကျမနုလွန်းသောကြောင့်အဖွားကအသက်
ရှင်နိုင်မည်ဟု မထင်ခဲ့ကြောင်း။  အမေက ကောင်းမွန်စွာပြုစု သောကြောင့်သာ ကျမအသက်ရှင်ခဲ့
ကြောင်း၊သို့သော်ကျမငယ်ငယ်ကလေးကစ မအဖြစ်ခဲ့သည်။ထိုကြောင့် ရွာသူရွာသားများအာလုံးက ကျမအား “မအ” ဟုသာခေါ်ဝေါ်ခဲ့ကြသည်။ ကျမ၏မွေးနေ့အတိအကျ မသိသော်လည်း အဖေအမေတို့ပြောသည့် စကားအရ တွက်ကြည့်ပါကကျမ၏အသက်မှာ ၁၉၇၂-နှစ်တွင် (၁၂)နှစ်လောက်ရှိမည်။ ထိုနှစ်တွင် ကျမနှင့်အရွယ်တူ မိန်းကလေးအဖေါ် နှစ်ယောက်နှင့်အတူတော
ထဲသို့အတူ သွားခဲ့ကြသည်။ တောထဲသို့ရောက်သောအခါ ထူးဆန်းစွာဖြင့်ကျမအား သက်တံ့ဖြင့် ဝှိုက်ထားလိုက်သည်။ ထိုဟာနှင့်တပြိုင်ထဲ လူသုံးယောက် အင်မတန်မှ ဖြူစင်သော အဝတ်အစား ဝတ်ဆင်လျက် ကျမနားမှာလာရပ်ကြသည်။ ထိုအခါ ကျမကြောက်လန့်ပြီး ကျမကိုဆွဲပေးပါ။ ဒီမှာ လူသုံးယောက်လာတယ်ဟု အော်လိုက်သည်။ ဤဟာသည် ကျမ ပဌမဦးဆုံးစကားပြောခြင်းဖြစ်သည။်
ကျမ၏ သူငယ်ချင်းနှစ်ယောက်မှာလည်း ထိုထူးဆန်းသော အဖြစ်အပျက်ကိုမြင်ပြီး ကျမအားဆွဲယူမည့်
အစား ထွက်ပြေးသွားကြသည်။ ထိုထူးဆန်းသော လူသုံးယောက် ပြောခဲ့သည်မှာ- “ဤသက်တံ သည် နာဂနိုင်ငံအလံ အတွက် ငါပေးခဲ့တယ်။ မနက်ဖြန်မနက်မင်းတို့ရဲ့ ကြက်ကလေး တစ်ကောင် သုံးခါတိတိ တွန်မယ်။” ဟုပြောပြီးပျောက်သွားသည်။ ထိုအခါ ကျမအဖေါ်နှစ်ယောက်က သွားပြော သောကြောင့် အဖေနှင့်အမေနှစ်ယောက်တို့သည်ကြောက်လန့်စိုးရိမ်စွာဖြင့်ကျမကို နတ်တို့များဆွဲသွားပြီလောဟု အထင်ဖြင့်ရောက်လာကြသည်။ကျမသည်စကားပြောတတ်ပြီဖြစ်သောကြောင့်အဖေနှင့်အမေတို့အား
ဝမ်းသာစွာဖြင့်အားပါးသရလူသုံးယောက်ပြောသွားသောစကားကိုပြောပြသည်။ အဖေကနောက်မှာ
လည်းစကား ဒီလိုပဲပြောတော့မယ်နော်ဟု  မေးသည်။ ကျမခုစကားပြောတတ်ပြီ။ဒီလိုပဲစကား ပြောတော့မယ်ဟု ကျမပြန်ပြောလိုက်သည်။ အဖေက ကြက်ကလေး သုံးခါတွန်မည်ဆိုသည် ကိုမယုံပါ။ ငါတို့ကြက်ကလေးတွေ ဥကပေါက်တာ တစ်ပတ်တောင် မစေ့သေးဘူး။ဘယ်လိုတွန်မလဲဟုပြောသည်။ သို့သော် နောက်တနေ့ မနက်တွင် ကြက်ခြင်းမှကြက်ကလေးတွေကိုဖွင့်ပြီး ကျမအစာကျွေးသည်။ ထိုအခါကြက်ကလေး တစ်ကောင်သည်လူသုံးယောက် ပြောသည့်အတိုင်း သုံးခါတွန်သည်။ ကြက်ကလေးမှာ ငယ်လွန်းသောကြောင့်ဖြစ်သည်ထင်သည်။ တစ်ခါတွန်ပြီး လဲကျသွားလိုက် ထပြီးတွန်ပြန်လိုက်နှင့် သုံးခါတွန်သည်။သူမဆက်၍ ပြောခဲ့သည်မှာ- ထိုအခါကျမ ငယ်သောကြောင့် နာဂအကြောင်း ဘာမှလည်းမသိပါ။ နာဂအလံဆိုတာလည်း ဘာကိုပြောမှန်းမသိပါ။ ဒါပေမဲ့  သူပြောသည့်စကားကို ကျမ မမေ့ပါ။ ကျမကောင်းကောင်း မှတ်မိပါသည်”ဟု အားရပါးရပြောခဲ့သည်။ (ယခုအခါ ယားဟွယ်သည် ကျမ်းစာတက္ကသိုလ် ကျောင်းမှ MTH ဘွဲ့အောင်ပြီး Konyak နယ်မြေတွင်
ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်လျက် ရှိသည်။)
၁၉၉ဝ-ခုနှစ်မေလ (၁ဝ) ရက်နေ့တွင်လည်း ရှေ့စာမျက်နာတွင်ဖေါ် ပြသည့်အတိုင်း နအက ဥက္ကဌကြီး၏ ရုပ်အလောင်းကို ကြိုဆိုသောအခါ ထူးဆန်းစွာ သက်တံပေါ်ခဲ့သည်။ထိုနောက်တွင်လည်း နာဂအမျိုးသားခေါင်းဆောင်ကြီးများ၏ အသုဘအခမ်းအနားနှင့် နာဂနိုင်ငံတော်နေ့များတွင် သက်တံ့ပေါ်ခဲ့သည်မှာ ဆယ်ကြိမ် ထက်မနည်းရှိပြီဖြစ်သည်။ ၄င်းတို့မှာ-
၁) ၁၉၉၂-ဖေဖေါ်ရီလ (၂) ရက်နေ့ နဖစ အမတ် နီးပီးလယ်ကျူးချာ (Neipielie Chucha) ၏             အသုဘအခမ်းအနား အိန္ဒိယတပ်မှ ဇန်နဝါရီ (၃ဝ) ရက်တွင်ပစ်သတ်ခဲ့သည်။
၂) ၁၉၉၂-ဩဂုတ်လ (၁၄) ရက် (နာဂနိုင်ငံလွတ်လပ်ရေးကြေငြာသောနေ့) ဦးယောသပ် (Joseph) နဖစ လွတ်တော် သဘာပတိ၏ အသုဘအခမ်းအနား ဩဂုတ်လ (၁၂)     ရက် နာဂတပ်မတော်စခန်းတစ်ခု၌ လွတ်လပ်ရေးပွဲ ကျင်းပရန်သွားနေသောအချိန် တွင် နအဆက(အ-မ) အဖွဲ့တို့က ဖမ်ပြီး ရက်ရက်စက်စက်သတ်ခဲ့သည်။
၃)၁၉၉၃-ဇန္နဝါရီ (၈) ရက် Mr.Zhavio နဖစ ဝန်ကြီး၏ အသုဘအခမ်းအနား ဖျား၍ကွယ်လွန်။
၎)၁၉၉၄- နိုဝင်ဘာလ (၇) ရက် Lt.Gen.Pukrove ၏ အသုဘ အခမ်းအနား။ဖျား၍ကွယ်လွန်။
၅) ၁၉၉၅-ဇွန်လ (၂ဝ) ရက် Lt.Gen. Povezo ၏ အသုဘအခမ်းအနား နအဆက (အ-မ) တို့ပစ်သတ်။
၆) ၁၉၉၆- ဇန္နဝါရီလ (၁၁)ရက် ဦး Vikisel ၏အသုဘအခမ်းအနား ဖျား၍ကွယ်လွန်။
၇) ၁၉၉၆-မတ်လ (၃ဝ)ရက် ဦး Zuvehu ၏ အသုဘအခမ်းအနား နအဆက(အ-မ) တို့သတ်။
၈) ၁၉၉၆-မေလ (၁၁)ရက် ဦး Zashei Huire နဖစ သမ္မတ၏ အသုဘ အခမ်းအနား ဖျား၍ကွယ်လွန်။
၉) ၁၉၇၃-ဒီဇင်ဘာ(၁)ရက်တွင်ဦး Kuhovi Zhimomi နဖစ ပြန်ကြားရေးဝန်ကြီး၏အသုဘ
အခမ်းအနားတွင်လည်း သက်တံ့ပေါ် ခဲ့ကြောင်း။
၁ဝ) ၁၉၉၈-ဩဂုတ်လ(၁၄) နာဂလန်း လွတ်လပ်ရေးနေ့ နှင့်
၁၁) ၂ဝဝဝ-ခုနှစ် မတ်လ (၂၂) ရက်တွင် နာဂသမ္မတနိုင်ငံ (Nagaland Republic Day) တော်နေ့ ကျင်းပနေသောအခါလည်း သက်တံ့ပေါ်ခဲ့သည်။
ထို့ပြင် ၁၉၉၅-ခုနှစ်တွင် တရားဟောဆရာ ဦးဆန်းဒက်က ခရစ်တော်၏ လက်ဝါးကပ်တိုင်အား
အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ရာ ထိုပုံတွင်ထူးဆန်းစွာ သက်တံ့ပေါ်ခဲ့သည်။ ထိုခရစ်တော်၏ လက်ဝါးကပ်
တိုင်သည် ၁၉၈၄-ခုနှစ်တွင် နအဆက မကွဲခင် အီဆက်-မွေဝါးတို့က သူတို့၏ဗဟိုစခန်းတွင် ဘုရးသခင်၏ ဝိညာဉ်တော်ပြောကြားချက်အရ စိုက်ထူထားခဲ့သောကြီးမားသော သစ်တိုင်လက်ဝါးကပ်
တိုင် ဖြစ်သည်။ ၁၉၈၆-ခုနှစ် ဒီဇင်ဘာ(၂၅)ရက် ခရစ္စမတ်စ်ပွဲနေ့တွင် ဗမာစစ်တပ်မှ အလစ်ဝင်တိုက်ပြီး ထိုစခန်းကိုသိမ်းပိုက်ခဲ့ရာ စခန်းတဲများမှသစ်တွေဝါးတွေကိုဖြုတ်ပြီး လက်ဝါးကပ်တိုင်ပတ်ပတ်လည်
တွင် ပုံခိုင်းကာမီးရှို့ခဲ့ကြောင်း။ သို့သော် ထိုလက်ဝါးကပ်တိုင် မီးမလောင်ခဲ့ဟုဆိုသည်။ ဦးဆန်းဒက်
သည်၁၉၉၅-ခုနှစ် ဒီမာပိုမြို့တွင် ကျမ်းစာသင်ကျောင်း တက်နေခဲ့ရာ ထိုနှစ်တွင်အကြီးအကျယ်ဖျား
ခဲ့သည်ဆိုသည်။ ဆေးဝါးကုသ၍လည်း အဖျားမပျောက်သဖြင့် ပရောဖက် စီပြောသောသူတို့ဆသွား
ပြီး ဆုတောင်းစေခဲ့ရာ ထိုဆုတောင်းပေး သူတို့ကပြောခဲ့သည်မှာ-သင်၏အဖျားသည် ဆေးဝါးဖြင့်ပျောက်ကင်းနိုင်မည်မဟုတ်။ ဘုရားသခင်အား ဆုတောင်းခြင်းဖြင့်သာပျောက်ကင်းနိုင်မည်။
 သင်တို့၏ရွာတွင်ကြီးမားသောလက်ဝါးကပ်တိုင်တစ်ခုရှိသည်။ရွာပြန်ပြီး ထိုလက်ဝါးကပ်တိုင်ရှေ့တွင် ဒူးထောက်ပြီး ဆုတောင်းမှသာလျင် အဖျားပျောက်ကင်းမည်ဟု ပြောခဲ့သည်ဆိုသည်။ထိုသို့ပြောသည့်
စကားကြားရ၍ ဆန်းဒက်သည် သူ၏အဖျားအမြန်ပျောက်ချင်ဇောဖြင့် မိမိရွာ ကျန်းလမ်း (Chanlam) ရွာသို့ ၁၉၉၅-ခုနှစ် ဒီဇင်ဘာလ ကျောင်းပိတ်ရက်တွင်အမြန်ဆုံး ပြန်လာခဲ့ကြောင်း။ သူ၏အိမ်သို့ အရင်မဝင်။ကျောပိုးအိပ်လည်းမချပဲတောက်လျှောက်လက်ဝါးကပ်တိုင်ရှိရာသို့သွားရန်ဆုံးဖြတ်ခဲ့သည်ဆိုသည်။ သို့သော် တရားဟောဆရာ ဦးကွမ်းမော (Kummo) နှင့်ပထမ တွေ့မှ ကောင်းမည်ဟု စဉ်းစားပြန်သဖြင့် မိမိအိမ်သို့မဝင်ပဲ တရားဟောဆရာအိမ်သို့ ဝင်သည်။ တရားဟောဆရာအား အကျိုးအကြောင်းပြောကာ သူနှင့်အတူလိုက်၍ ခရစ်တော်၏ လက်ဝါးကပ်တိုင်သို့ သွားပြီးဆုတောင်း
ရန်ပြောသည်။ ထိုအခါတရားဟောဆရာက။ ထိုလက်ဝါးကပ်တိုင်သည် တောဖြင့်ဖုံးလွမ်းသွားပြီဖြစ်၍ ခုချက်ခြင်းသွားပြီး ဆုတောင်းရန်မဖြစ်နိုင်ကြောင်း ဆန်းဒက်အားပြောပြသည်။ ထို့ကြောင့် သူတို့ နှစ်ယောက် နောက်တနေ့တွင် ရွာမှကလေးတွေခေါ်ပြီးလက်ဝါးကပ်တိုင် ပတ်ပတ်လည်တွင် တောကိုရှင်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း။ ထိုသို့စီစဉ်သည့်အတိုင်း နောက်တနေ့တွင် တောကိုရှင်းကြသည်။ ဆောင်းရာသီဖြစ်သည့် အလျောက်ထိုနေ့တွင်နေသာသည်။ နေ့လယ်လောက်တွင် အလုပ်ပြီးစီး၍ ကလေးတွေအား လက်ဝါးကပ်တိုင်နားမှာ ရပ်ခိုင်းပြီး ဓါတ်ပုံရိုက်သည်။ ထိုမိနစ်အတွင်းမှာပင် ကလေးတွေအားဖယ်ခိုင်းပြီး လက်ဝါးကပ်တိုင် တခုတည်း သပ်သပ် ပြန်ရိုက်သည်။ထို့နောက် ဒီမာပိုသို့ ပြန်သွားသောအခါ ဓါတ်ပုံဖလင်ကို ဆေးခိုင်းသည်။ ထိုအခါအံ့ဩစွာဖြင့် လက်ဝါးကပ်တိုင် တစ်ခုတည်း ရိုက်ထားသောပုံတွင် သက်တံပေါ်နေသည်ကို တွေ့ရသည်။ ကလေးများအပါ ရိုက်ထားသောပုံ၌မူကား ထိုသက်တံအရိပ်အရောင်ပင် မတွေ့ရ။ထိုဓါတ်
ပုံအား နေသာသောနေ့။ နေ့လယ်တွင်ရိုက်ခဲ့သဖြင့် ကောင်းကင်တွင် သက်တံ့ပေါ်ရန်အကြောင်းမရှိ။ သို့သော်တစ်မိနစ်အတွင်း ရိုက်ခဲ့သော ဓါတ်ပုံနှစ်ခုထဲတွင် လက်ဝါးကပ်တိုင်တစ်ခုတည်းရိုက်ထားသော
ပုံတွင်သာ သက်တံပေါ်သည်။ ထိုပုံများကို ယူပြီးအိမ်ပြန်ရောက် လာသောအခါ တရားဟောဆရာ အပါအဝင် ရွာလူကြီးများနှင့်အတူ ဆုတောင်းကြ ကြောင်း။ထိုအခါ ဘုရားသခင်၏ ဝိညာဉ်တော်မှ ပြောခဲ့သည်ဆိုသည် မှာ- “သက်တံ့ကို နာဂနိုင်ငံ၏အလံတော်အတွက် ငါပေးခဲ့၏။ ငါကိုယ်တိုင် နာဂတို့အား ဦးစီးဦးဆောင် ပြုလျက်ရှိသည်။သို့သော် နာဂတို့သည် ငါ့အားအယုံအကြည်မရှိ။ လက်
နက်ဖြင့်သာလျှင်သူတို့၏ပန်းတိုင်ရောက်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့်နာဂတို့သည် ဒုက္ခရောက် နေကြခြင်းဖြစ်သည်”ဟုပြောခဲ့ကြောင်း၊ (ဤအကြောင်းအား တရားဟောဆရာ ဦးဆန်းဒက် ကိုယ်တိုင်စာရေးသူအား ၂ဝဝဝ-ခုနှစ် ဇွန်လတွင် ပြောခဲ့သည်။  နာဂခရစ်ယာန်အသင်းမှ သိက္ခာတော်ရဆရာ။ ဆရာမများ နှစ်စဉ် ယေရုရှလင့်ကျင်းပသော တာဘာနာကယ် (Feast of Tabernancles) ဆုတောင်းပွဲသို့အမြဲသွားလျက်ရှိသကဲ့သို့ ၁၉၉၉-ခုနှစ်တွင်  စက်တင်လာလ နောက်ဆုံးအပတ် မှစပြီးသိက္ခာတော်ရဆရာ Rev. Vevozo သည် နာဂနိုင်ငံအလံကို ကျနော်တို့ နဖစ မှတောင်းယူပြီး ထိုဆုတောင်းပွဲ၌ ပါဝင်ရန် ယေရုရှလင်သို့ သွားခဲ့သည်။ ထိုဆုတောင်းပွဲသို့ နာဂအလံ ယူသွားခြင်းသည် ဤအခါ ပထမဖြစ်သည်။ ထိုဆုတောင်းပွဲတွင် နိုင်ငံပေါင်း (၂ဝဝ) ကျော်မှ ဆုတောင်းဝတ်ပြုသူများသည် မိမိနိုင်ငံ၏ အလံကိုယူပြီး လာရောက်ခဲ့ကြသည်ဆိုသည်။ ဆုတောင်းပွဲတွင် အများနည်းတူ Rev.Vevozo သည်လည်း  မိမိနိုင်ငံအကြောင်းကို ပြောပြပြီး မိမိနိုင်ငံ အတွက် ဆုတောင်းခြင်းကို ခံယူရန်ဖြစ်သည်။ ထို့ကြောင့်သူပြောခဲ့သည်မှာ- နာဂနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်သည်။ အခြားတိုင်းတပါးနိုင်ငံ၏လက်အောက်ခံအဖြစ် မကျရောက် ခဲ့ပါ။ သို့သော် အိန္ဒိယက ကျွန်တော်တို့၏ နိုင်ငံအားကျူးကျော်လာခဲ့သဖြင့် မိမိ၏တိုင်းပြည်အား ကာကွယ်ရန်နာဂတို့သည် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ နာဂနိုင်ငံသည် ခရစ်ယာန် နိုင်ငံဖြစ်၍ ဟင်ဒိုတို့
၏ လက်အောက်ခံနိုင်ငံ မဖြစ်လိုပါ။ ဤဟာသည် ကျွန်တော်တို့ နာဂနိုင်ငံတော်၏ အလံဖြစ်သည်ဟု အလံကို ထောင်ပြခဲ့သည်ဆိုသည်။ထိုအခါ ဆုတောင်းပွဲတွင်ပါဝင် သူများက။ ခင်ဗျားတို့၏ အလံတွင်အဘယ်ကြောင့်သက်တံထည့်သနည်း။အခြားနိုင်ငံများ၏အလံတွင်တွင်ငါးတောင့်ကြယ်သာ အသုံးပြုကြသည်။သို့သော်ခင်ဗျားတို့ကခြောက်တောင့်ကြယ်ကို အသုံးပြုသည် အဘယ်ကြောင့်နည်း။
စသည်ဖြင့်မေးခွန်းများမေးခဲ့ရာ။ ဆရာဝဲဝေါဇော်က ဤဟာသည် ဘုရားသခင်က ပေးသောအလံဖြစ်
သည်ဟု ဖြေခဲ့ကြောင်း။ ထို့နောက် အခန်းအနားမှူးက နာဂနိုင်ငံအတွက် ဆုတောင်းရန် ပန်ကြားသ
ဖြင့် အားလုံးကဆုတောင်းကြသောအခါတွင် ဘုရားသခင်၏ ဝိညာဉ်တော်မှအမေရိကန်အမျိုးသမီး တစ်ယောက်မှ တဆင့်ပြောခဲ့သည် ဆိုသည်မှာ-“နာဂအလံတွင်သက်တံထည့်သွင်းရန် ငါပေးခဲ့၏။  နာဂတို့က မိမိတို့၏ သဘောအရ ထည့်သွင်းခြင်းမဟုတ်။ ဤကမ္ဘာ့ လူသားတို့အား ငါသည်အလံနှစ်ခုသာပေးခဲ့၏။ တစ်ခုသည် သရေလတို့ အတွက်ဖြစ်ပြီး တစ်ခုမှာ နာဂတို့အတွက်
ဖြစ်သည်။”ဟုပြောခဲ့ကြောင်း။ (၂ဝဝဝ-ခုနှစ် နိုဝင်ဘာလ(၂၆) ရက် တနင်္ဂနွေနေ့ တွင် သိက္ခာတော်ရ ဆရာ ဝဲဝေါဇော် သည် စာရေးသူအပါအဝင် ဘုရားကျောင်း တက်လာသူတို့ အား ဟောကြားခဲ့သည်)။
အလံတော်၏အနက် အဓိပါယ်
၁။ နောက်ခံ-မိုးပြာရောင်       —— အမြဲတည်တံ့သော (everlasting).
၂။ သက်တံ့-အနီ၊ အဝါ၊ အစိမ်း —— ချစ်ကြည်မှု (goodwill)
    က) ကွေးသောအနီရောင်   —— ဩဇာတန်ခိုး (power)
    ခ)  ကွေးသောအဝါရောင်   —— အေးချမ်းသာယာခြင်း (harmony)
    ဂ) ကွေးသောအစိမ်းရောင် —— ချမ်းသာကြွယ်ဝခြင်း   (prosperity)
၃။ ခြောက်တောင့်ကြယ်-အဖြူ —— က) ငြိမ်းချမ်းရေး နှင့် (peace and
                                          ခ) ငြိမ်သက်ခြင်း    (tranquility)။(နာဂ အမျိုးသားရေး နှင့် ဖောက်ပြန်မှုလုပ်ရပ်များ စာအုပ်မှ)

No comments:

Post a Comment