ကြိုဆိုပါတယ်

Popular Posts

အခန်း ၁။ နာဂအမျိုးသားရေးသမိုင်း အကျဉ်း

အထက်တွင် ဖေါ်ပြသည့်သမိုင်းအရဆိုလျှင် ကျွန်တော်တို့ နာဂမျုးနွယ်စုသည်
ရှေးပဝေသဏီကပင် မေဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ပြီး ထိုမှ ခရစ်တော်မပေါ်ခင်
ထွက်လာ၍ မွန်ဂိုလီးယားကုန်းပြင်မြင့် တိဘက် တရုတ်ပြည် စသည်တို့တွင် နေထိုင်လာခဲ့ပြီး
တောတောင်အထပ်ထပ် မြစ်ရေအသွယ်သွယ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိ နာဂနယ်မြေသို့
ရောက် ရှိလာခဲ့ခြင်းဖြစ်သည်၊ဤနယ်မြေများတွင် ကနဦးရှိ မြေပိုင်ရှင်များကို တိုက်ထုတ်၍
နေလာခဲ့ခြင်းမဟုတ်။ မည်သူမျှမရှိသော၊ မည်သူမျှ မပိုင်ဆိုင်သော နယ်မြေအား လာရောက်
နေထိုင်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်၊ဤသို့ နှစ်ပေါင်း ထောင်ချီပြီး နေလာခဲ့သော သမိုင်း
တလျှောက်တွင် နာဂလူမျိုးတို့သည် အခြားနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ဘူးသည် ဟူ၍
သမိုင်းမရှိခဲ့ပေ၊ သက်ဦးဆံပိုင်ဘုရင်ဖြင့်သော်၎င်း၊ အာဏာရှင်စနစ် ဖြင့်သော်၎င်း
အုပ်ချုပ်စိုးမိုးလာခဲ့ခြင်းမရှိပါ။ တနိုင်ငံလုံးကိုတပြိုင်တည်း အုပ်ချုပ်သောအစိုးရ ဟူ၍လည်းမရှိခဲ့ပါ၊
သို့ရာတွင် ကျေးရွာ တိုင်းသည် လွတ်လပ်သော ကျေးရွာများ ဖြစ်ကြပြီး ရွာသူကြီးများကသာ
အုပ်ချုပ်လာ ခဲ့သည်၊ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် အင်မတန်
မြှင့်မားသောဒီမိုကရေစီ (pure democracy) စနစ်ပင်ဖြစ်သည်။ တဦးတယောက်၏
အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ-တောတွင်း တနေရာ တွင်တန်ဖိုးရှိသော
အရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း တဦးတယောက်က အမှတ်အသားပြုထားပါက
မည်သူမျှ ထိုအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသားအသစ် ပြုလုပ်၍ မိမိပိုင်ဆိုင်ကြောင်း
မပြု လုပ်ကြ။ လိမ်လည်မှုနှင့် ခိုး ရှားမှုနှင့်ခိုးမှုဟူ၍ရှားသည်။ ရွာသားများ အားလုံးက ရွာသူကြီးအား
နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများ ကိုရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်
ဖြေရှင်းခဲ့ကြသည်။
               ကျွန်တော်တို့ နာဂတိုင်းပြည်တွင် များသောအားဖြင့် ကျေးရွာနယ်မြေသည် ရွာသူ
ရွာသားအားလုံးက ပိုင်ဆိုင်သဖြင့် တောင်ယာခုတ်ရန် မြေကွက်အား ဝယ်ရန်သော်၎င်း၊
တောင်းရန်သော်၎င်း၊မလိုအပ်ပေ၊ မိမိကြိုက်ရာနေရာတွင် တောရိုင်းကို ခုတ်ထွင်ရှင်းလင်း၍
တောင်ယာလုပ်စားကြသည်၊ ထိုသို့ တစ်နှစ်လုပ်စားသည့် နောက်ပိုင်းတွင် ၎င်းမြေကွက်
သည် ထိုသူ၏သားစဉ်မြေးဆက် ပိုင်ဆိုင်သောမြေကွက် ကိုယ်ပိုင် မြေကွက်ဖြစ်လာသည်၊
ထိုမြေကွက်အား ရွာကမပိုင်တော့ချေ၊ ထိုမြေကွက်အတွက် မည်သူ့ကိုမျှလည်း အခွန်ပေး
ဆောင်ရန်မလိုပေ၊  ထို့ကြောင့် နာဂတိုင်းပြည်တွင်။ မြေသည် အစိုးရပိုင်မဟုတ်။ ရပ်ရွာပိုင်
(ဝါ) ကိုယ်ပိုင်မြေဖြစ်သည်၊ ဤသည်ကား နာဂလူမျိုးများ အနေဖြင့် အခြားနိုင်ငံသားများထက်
ထူးခြားသော အခွင့်အရေးကို ခံစားခြင်းပင်ဖြစ်သည်၊ တခြားကမ္ဘာ့နိုင်ငံများတွင်
များသောအားဖြင့် မြေသည်အစိုးရပိုင်ဖြစ်သဖြင့် မြေယာအတွက် လူတိုင်းက မြေခွန်ကို
အစိုးရအား ပေးဆောင်ရသည်၊  ထို့ပြင် နာဂလူမျိုးတို့သည် မည်သည့်လူမျိုးတို့၏အုပ်ချုပ်မှု၊
ချုပ်ခြယ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် နေလာခဲ့ကြသည်။ ပြင်ပကမ္ဘာနှင့်လည်း ထိတွေ့
ဆက်သွယ်ခြင်းလုံးဝမရှိခဲ့ပါ၊
                 အေဒီ (AD)-၁၃ ရာစု ခရစ်သက္ကရာဇ်- ၁၂၂၈ အချိန်တွင် ယိုးဒယားနိုင်ငံဘက်မှ
တက်လာသော Ahom King ခေါ် ရှမ်းကြီးအဖွဲ့သည် နာဂတောင်တန်းကို ဖြတ်ကျော်
လာခဲ့သည်၊ဤသည်ကား အခြားတိုင်းတပါး လူမျိုးများသည် နာဂတိုင်းပြည်သို့ ပထမဦးဆုံး
ရောက်ရှိလာခြင်းပင်ဖြစ်သည်၊ ထို Ahom King အဖွဲ့သည် ယခု အာသန်ပြည်နယ်
မြေပြန့်တွင် အခြေချနေထိုင်လာခဲ့ကြသည်၊ ထို Ahom King အဖွဲ့  နာဂတောင်တန်းကို
ဖြတ်ကျော်လာသည့် အချိန်မှစ၍ နာဂနှင့်  Ahom King များအကြား မကြာခဏ
တိုက်ပွဲများ ဖြစ်ခဲ့ကြသည်၊ သို့သော် Ahom King ၏လက်အောက်သို့
ကျရောက်ခဲ့ခြင်းမရှိပါ။ နောက်ပိုင်းတွင် Ahom King တပါးသည် နာဂအမျိုးသမီးတဦးကို
လက်ထပ်လိုက်သည်။ ထိုအချိန်မှစ၍ နာဂလူမျိုးများနှင့် နယ်စပ်စည်းအတိအကျ
သတ်မှတ်ကာ ကောင်းမွန်စွာ ဆက်ဆံနေထိုင်လာ ခဲ့ကြသည်။
               အေဒီ (AD) ၁၇ ရာစုမှစ၍ အင်္ဂလိပ်လူမျိုးများသည် အိန္ဒိယနိုင်ငံကို သိမ်းပိုက်
ပြီး ကိုလိုနီပြု အုပ်ချုပ်လာခဲ့သည်၊ ထို့နောက် ၁၈၃၂ ခုနှစ်မှစတင်၍ နာဂနယ်မြေသို့
အင်္ဂလိပ်တို့ ကျူးကျော် ဝင်ရောက်လာခဲ့သည်။ နာဂလူမျိုးများသည် ထိုအင်္ဂလိပ် လူမျိုး
များနှင့်လည်း မကြာခဏ စစ်ဖြစ်ခဲ့ကြသည်။ဤသို့ မိမိတိုင်းပြည်ကို ကာကွယ်ရန် မဆုတ်မနစ်
ဇွဲမလျော့ဘဲ အင်္ဂလိပ်နယ်ချဲ့များအား တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း (၄ဂ)နှစ် တိုင်ကြာခဲ့
သည်၊ နောက်ဆုံး စစ်ပွဲမှာ  ၁၈၇၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်တွင် ခွန်နူးမားကျေးရွာ၌
ဖြစ်ခဲ့သည်၊ ထို့နောက် အင်္ဂလိပ်နယ်ချဲ့တို့မှ ငြိမ်းချမ်းစွာနေရန် ကမ်းလှမ်းလာသဖြင့် ၁၈၈ဝ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် နှုတ်အားဖြင့် ငြိမ်းချမ်းရေးအတွက် (Verbal agreement)
သဘောတူခဲ့သည်၊ အင်္ဂလိပ်တို့က နာဂတောင်တန်းတွင် စစ်အခြေခံစခန်း
(Military Base) ထားရန် တောင်းဆိုလာသဖြင့် နာဂလူမျိုးများ၏ နိုင်ငံရေးတွင်
အနှောက်အယှက်မပြုပါက စစ်အခြေခံစခန်း ထားနိုင်ကြောင်း ခွင့်ပြုခဲ့သည် ၊ အင်္ဂလိပ်တို့မှ
စာအရေးအသားဖြင့်  စာချုပ်ချုပ်ဆိုရန် တောင်းဆိုခဲ့သော်လည်း။ နာဂခေါင်းဆောင်များမှ
လက်မခံသဖြင့် နှုတ်အားဖြင့်သာ သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့်
အင်္ဂလိပ်တို့၏ ရာဇဝင်မှတ်တမ်းတွင်လည်း မည်သည့်နာဂလူမျိုးနှင့်မှ စာချုပ်စာတမ်း
  (Treaty) မပြုလုပ်ခဲ့ကြောင်း ရေးထားသည်ကို သူတို့၏ မှတ်တမ်းစာ (Aitchsa Treaties, engagement and Sanads) တွင် တွေ့ရသည်၊ ဤသို့ဖြင့် နာဂလူမျိုး
တို့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ နှင့် မိမိ၏ အချုပ်အခြာအာဏာကို ဆုံးရှုံးလွှဲအပ်ခဲ့သည့်
အညံ့ခံစာချုပ် မရှိခဲ့ပေ။
     သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် နာဂတောင်တန်းတွင် သူတို့၏ စစ်အခြေ
စိုက်စခန်းချသည်မှ၍ သူတို့၏ အုပ်ချုပ်ရေးယန္တယား  (Administration)ကို စတင်လာ
ခဲ့သည်။ ဤသို့ဖြင့် ၁၈၈ဝ ခုနှစ်မှစ၍ ၁၉၄၇ ခုနှစ်အထိ နာဂနယ်မြေ လေးပုံတစ်ပုံကို
အင်္ဂလိပ်တို့က (၆၇) ခုနှစ်လုံးလုံး အုပ်ချုပ်ခဲ့သည်။ ကျန်သောနယ်မြေ လေးပုံသုံးပုံ (ဗမာ
ပြည်ရှိ နာဂနယ်မြေများ အပါအဝင်)  အား မအုပ်ချုပ်သောနယ်မြေ  (Un-adminstered Area) (ဝါ) လွတ်လပ်သော နာဂ (Free Nag) ဟူ၍ ခေါ်တွင်ခဲ့သည်။
(၁) နာဂနိုင်ငံရေးစတင်လာပုံ
        ၁၉၁၄-ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်အစိုးရသည်
စစ်အတွင်းတွင် လုပ်အားပေးရန် နာဂလူမျိုး နှစ်ထောင်ကျော်အား ဥရောပတိုက်သို့
ခေါ်ဆောင်သွားခဲ့သည်။ ထိုသူတို့သည် ၁၉၁၇ ခုနှစ်တွင် မိမိနိုင်ငံသို့ ပြန်ရောက်လာ
ခဲ့ကြသည်။ ထိုသို့ တိုင်းတပါးသို့ သွားရောက်ခဲ့ကြသော နာဂများသည် ကမ္ဘာ့နိုင်ငံရေး၊
လူမှုရေးတို့ကို မြင်လာသဖြင့် နာဂလူမျိုးများတွင်လည်း နောင်ရေးအတွက် ပြောပိုင်ခွင့် ရှိသော
အဖွဲ့အစည်းတခု ဖွဲ့စည်းရန်လိုကြောင်း သိလာကြရသဖြင့် ၁၉၁၈ ခုနှစ်တွင် နာဂကလပ်
(Naga Club) ကို ဖွဲ့စည်းလာခဲ့သည်။
         ထို့နောက် ၁၉၂၉ ခုနှစ်တွင်ဆီမွန် (simon) အမှူးပြုသော British Statutory Commission (or) ဆီမွန် ကော်မီရှင်သည် နာဂလန်း ကိုဟီးမားမြို့(Kohima)သို့ ရောက်ရှိလာခဲ့သည်။ ထိုကော်မရှင်သည် နာဂလူမျိုးများသည် သူတို့၏နောင်ရေးအတွက် မည်သို့ သဘောထားရှိသည်ကို လေ့လာရန် ရောက်ရှိလာခြင်းဖြစ်သည်။ထို့ကြောင့် နာဂလူမျိုးများသည် “နာဂကလပ်”အမည်ဖြင့် စာတမ်းတစ်စောင်
(Memorandum) ရေးပြီး တင်သွင်းခဲ့သည်။ ထိုစာတမ်းသည် နာဂသမိုင်းတွင်
ပထမဦးဆုံး အရေးအသားဖြင့် မှတ်တမ်းတင်ခဲ့သော စာဖြစ်သည်။ ဤစာတမ်းတွင် ရေးခဲ့
သည်မှာ နာဂလူမျိုးများသည် ကုလားလူမျိုးများနှင့် သွေးသားအားဖြင့်သော်၎င်း၊ စာပေ
စကားနှင့် ယုံကြည်ကိုးကွယ်မှုသော်၎င်း၊ အစားအသောက် အနေအထိုင် ဓလေ့စရိုက်များ
အပါအဝင် လူမှုရေးရာ ယဉ်ကျေးမှုအားဖြင့်သော်၎င်း လုံးဝ ကွာခြားသည်။ ထို့ပြင်
ရှေးပဝေသဏီမှစ၍ ကုလားလူမျိုးများနှင့် ဆွေမျိုးမိတ်သင်္ဂဟ မရှိခဲ့ပါ။ ထို့ကြောင့် နာဂ
တောင်တန်းအား အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြင်ဆင်သော စီမံကိန်းတွင် မပါဝင်စေဘဲ။
ထိုစီမံကိန်း၏ အပြင်ဘက်တွင် ထားစေလိုကြောင်းနှင့် ဗြိတိသျှလူမျိုးများသည်
အိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးပြီး မိမိနိုင်ငံသို့ ပြန်သွားပါက နာဂနိုင်ငံအား အိန္ဒိယ
လူမျိုးများ၏ လက်အောက်သို့ ပေးမသွားရန်။ နာဂလူမျိုးများသည် ဘိုးဘွားလက်ထက် အစဉ်
အဆက်ကတည်းက လွတ်လပ်စွာ နေထိုင်လာခဲ့ကြသည့်အတိုင်း မိမိဖာသာမိမိတို့
လွတ်လပ်စွာ နေထိုင်ရပ်တည် သွားလိုကြောင်း ရေးသားတင်သွင်းခဲ့သည်။
           ဆီမွန်ကော်မီရှင်သည် ထိုနာဂကလပ်၏ စာတမ်းကို ဗြိတိသျှလွတ်တော်သို့
တင်ပြခဲ့သဖြင့် ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေအရ နာဂတောင်တန်းအား အိန္ဒိယပြည်မတွင်
မပါဝင်စေဘဲ ခြွင်းချန်နယ်မြေ (Naga Hills Excluded Area) ဟု သတ်မှတ်ခဲ့သည်။
(၂) ဒုတိယကမြာစစ် နောက်ပိုင်း နာဂနိုင်ငံရေး၊
          ဒုတိယကမ္ဘာစစ် အစပိုင်းတွင် နာဂလူမျိုးတို့သည် ဂျပန်များအား အကူအညီပေးခဲ့
သည်။ သို့ရာတွင် နာဂများ အပေါ် ဂျပန်များက ကြမ်းတမ်းရက်စက်စွာ ဆက်ဆံလာသော
အခါ မဟာမိတ်တို့နှင့် ပေါင်းခဲ့သည်။ အမှန်မှာ ထိုသို့ ရက်စက် ကြမ်းကြုတ်သူများမှာ
ဂျပန်များနှင့်ပါလာသော အိန္ဒိယစစ်သားများသာ ဖြစ်သည် ဟုဆိုသည်။
        ဒုတိယကမ္ဘာစစ် မပြီးမှီ နာဂတောင်တန်းတွင်နောက်ဆုံးဗြိတိသျှ ခရိုင်ဝန်မင်းကြီး
သည် Sir Pawsay ဖြစ်သည်။ ထိုခရိုင်ဝန်သည် ၁၉၄၅ ခုနှစ် ဧပြီလတွင် (Naga Hills District Tribal Council-NHDTC) ကို ဖွဲ့စည်းခဲ့သည်။ ထို သို့ဖွဲ့စည်းပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ- အာသန်ပြည်နယ်အတွင်း နာဂတောင်တန်းသည် အထူးခရိုင်(Autonomous District) အဖြစ် ရပ်တည်နိုင်ရန်ဖြစ်သည်။ ဒုတိယကမ္ဘာ စစ်ပြီးစ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၂) ရက်နေ့တွင် ထို NHDTC  အစည်းအဝေး ကျင်းပရန်
ဝေါ်ခါး  (Wakha) မြို့တွင် နာဂခေါင်းဆောင်များ စုရုံးလာခဲ့ကြသည်။ ထိုသို့စုရုံး
တက်ရောက် လာခဲ့ကြသော နာဂခေါင်းဆောင်များသည်။ ထိုနေ့တွင်ပင် NHDTC အစား
“နာဂအမျိုးသား ကောင်စီ-နအက (Naga Nation Council-NNC)” ကို ဖွဲ့စည်း၍
နာဂနိုင်ငံ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိန်းရန်အတွက် မားမားမတ်မတ် ရပ်တည်လာခဲ့
သည်။
           ထိုသို့ နာဂအမျိုးသားကောင်စီ ဖွဲ့စည်းပြီးနောက် ဗြိတိသျှဝန်ကြီး ကော်မရှင်
(British Cabinet Commission) သည် အိန္ဒိယမြို့တော် နယူးဒေလီသို့
ရောက်ရှိလာခဲ့သည်။ ထိုအခါ နအက ခေါင်းဆောင်များသည် ၁၉၄၆ ခုနှစ် ဧပြီလ (၉)
ရက်နေ့တွင် စာတမ်းတစ်စောင်ရေးပြီး ထိုဝန်ကြီးကော်မရှင်ကို ပေးခဲ့သည်။ ထိုစာတွင်
ရေးခဲ့သည့် အဓိကအချက်မှာ “နာဂ၏ နောင်ရေးသည် ဗြိတိသျှအစိုးရ၏ အကြွင်းမဲ့
အာဏာနှင့် ဆုံးဖြတ်ခြင်းဖြင့် မချည်နှောင်ရာ၊ မဆွေးနွေး မတိုင်ပင်ဘဲ မည်သည့် တင်ပြချက်
ကိုမှ လက်ခံမည်မဟုတ်” (The Naga future would not be bound by the arbitrary decision of the British Government. And any recommendation without consultation would not be accepted.)
ဟု ရေးသားခဲ့သည်၊
          ထို့ပြင် ရှေ့စာမျက်နှာတွင် ဖေါ် ပြသည့်အတိုင်း ၁၉၄၆ ခုနှစ်တွင် Sir.Robert Reid  နှင့် Sir. Rijinald Coupland တို့သည် မွန်ဂိုမျိုးနွယ်စုများ ဖြစ်ကြသော နာဂလူမျိုးများအပါအဝင် အိန္ဒိယ၏ အရှေ့ မြောက်ပိုင်းတွင်ရှိကြသော တောင်တန်းသားများနှင့်
ဗမာပြည်ဘက်တွင် ခြွင်းချန်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့သော ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နှင့်
ကရင်နီ စသည့် လူမျိုးများ အားလုံးအား ဗြိတိသျှ ဦးသျှောင် ကိုလိုနီ (British Crown Colony) အဖြစ်ဆက်လက်၍ ထားရှိရန် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်အား Cpupland Plan ဟုခေါ်တွင် ခဲ့သည်။အစီအစဉ်သည် မွန်ဂိုမျိုးနွယ်စုများအား အိန္ဒိယနှင့်
ဗမာနိုင်ငံတို့တွင် မပါဝင်စေပဲ သီးသန့်နိုင်ငံ တည်ထောင်ပေးရန် ဖြစ်ခဲ့ဟန်ရှိသည်။ သို့သော်
ထိုကောပ်ပလန် စီမံချက်ကိုလည်း နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များက
လက်မခံပယ်ချခဲ့သည်။ ထို့ပြင် နာဂခေါင်းဆောင် ဦးဖီဇိုသည် Manipur, Assam, Maghalaya, Mizuram
စသည့်နယ်မြေများသို့ လှည့်လည်၍ မိမိဖာသာလွတ်လပ်ရေး ကြေငြာကြရန် တိုက်တွန်းခဲ့သည်။ သို့သော် ထိုလူမျိုးများသည် ဦးဖီဇို၏အကြံပေးချက်ကို လက်မခံပဲ အိန္ဒိယပြည် ထောင်စုနှင့် ပေါင်းရန် လက်မှတ်ရေးထိုးခဲ့ကြသည်။တဘက်တွင်လည်း ချင်း၊ ကချင် နှင့် ရှမ်းတို့က ဗမာလူမျိုးများနှင့် ပေါင်းပြီး ပြည်ထောင်စုဗမာနိုင်ငံတော် တည်ထောင်ရန် ၁၉၄၇ ခုနှစ်ဖေဖေါ်ရီလတွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်
အောင်ဆန်းတို့နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် ကော်ပလန်
စီမံချက်သည် အဖက်ဖက်မှ ပယ်ချလျက်သားဖြစ်ခဲ့သည်။
     ထိုမျှမက ၁၉၄၇ ခုနှစ် မတ်လ (၂၇-၂၈) ရက်များတွင်လည်း နအကခေါင်းဆောင်များသည် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ (Sir.Clement Attlee)
နှင့် Lord Simon, House of Lordd (၁၉၂၉-ခုနှစ်တွင်လာခဲ့သော ဆီမွန်
ကော်မရှင် အဖွဲ့ဝင်လူကြီးများ) ထံသို့ ထပ်မံ၍ Memorandum ရေးပြီး ၁၉၂၉ ခုနှစ်တွင်
ပေးခဲ့သောစာတမ်း မိတ္တူကော်ပီနှင့် အတူတွဲကာ ပေးခဲ့သည်။ ထိုစာတွင် နာဂလူမျိုးများအား
အိန္ဒိယနိုင်ငံ.နိုင်ငံရေး ပင်လယ်ထဲသို့ ပစ်မသွားရန် နှင့် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံအား
လွတ်လပ်ရေးပေး၍ ပြန်သွားသောအခါ နာဂများအား မိမိဖာသာ ဘိုးဘွားစဉ် ဆက်ကအစ
လွတ်လပ်စွာ နေထိုင်လာသည့် အတိုင်း နေနိုင်ရန် ချန်ထားခဲ့ပါရန် ပန်ကြားခဲ့ပြန်သည်။
အိန္ဒိယတိုက်ငယ် (Indian Sub-continent) တွင် ရှိကြသော လူမျိုးများက
အိန္ဒိယ ပြည်ထောင်စုတွင် ပါဝင်ရန် ၁၉၄၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသော်လည်း
နာဂလူမျိုးများက လက်မှတ်ရေးထိုးမှု မပြုခဲ့ပါ၊၊ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင်
အိန္ဒိယနိုင်ငံ၏ ဥပဒေပြုလွတ်တော် ကိုယ်စားလှယ်များ နာဂလန်းသို့ စေလွတ်ကာ မေလ
(၁၉) ရက်နေ့မှစ၍ သုံးရက်တိုင် နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ဆွေးနွေး
ခဲ့ကြသည်၊၊ ထိုအခါ အိန္ဒိယအစိုးရက နာဂအမျိုးသားများကို အိန္ဒိယပြည်ထောင်စုတွင်
ပါဝင်စေလိုကြောင်း အိန္ဒိယအစိုးရ အနေဖြင့် အထူးပြည်နယ် (Autonomous State)
သတ်မှတ်ပြီး  နာဂများကို ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်ရုံးမှုများ ပြုခဲ့သော်လည်း နအက-ခေါင်းဆောင်များက လုံးဝ လက်မခံဘဲ ပယ်ချခဲ့သည်၊၊ အိန္ဒိယနိုင်ငံ လွတ်လပ်သော နိုင်ငံ
ဖြစ်မလာခင် နာဂနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ်သည်ဟု ပြောခဲ့သည်၊၊
ထို့နောက်တွင် နအက ခေါင်းဆောင်များနှင့် ပြေလည်မှု ရရှိရန်အတွက် အိန္ဒိယ
အမျိုးသား ကွန်ဂရက် (Indian National Congress)သည် နာဂလန်းသို့
အာသန်ပြည်နယ်ဘုရင်ခံ(Governor-Arkbar Ali Hydari) ကို ၁၉၄၇ ခုနှစ်
ဇွန်လတွင် စေလွတ်၍   ထိုလ (၂၆) ရက်နေ့တွင် အချက်(၉) ချက်ပါ (9-Point Agreement)စာချုပ်ကို နာဂအမျိုးသားကောင်စီ ခေါင်းဆောင်များနှင့် ချုပ်ဆိုစေခဲ့သည်၊၊ဤစာချူပ်ကို ဆယ်နှစ်စာချုပ် (Ten year agreement) ဟုလည်း ခေါ်တွင်ခဲ့သည်။ထိုစာချုပ်တွင် နအက-အား အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး-အပါအဝင်မြေပေါ်မြေအောက်-သယံဇာတ အားလုံးအပေါ် အာဏာပေးခဲ့ပြီး။ ၎င်းစာချုပ် သက်တမ်း
(၁ဝ)နှစ် ပြည့်ပါက နာဂလူမျိုးများ အနေဖြင့် ထိုစာချုပ် သက်တမ်းတိုးရန် သော်၎င်း သို့မဟုတ်
နာဂလူမျိုးများ၏ ရှေ့ရေးအတွက် အိန္ဒိယ အစိုးရနှင့် အခြားစာချူပ် အသစ်ချုပ်ဆိုရန်
သော်၎င်း ရွေးချယ်ပိုင်ခွင့် ရှိသည်ဟု အသိအလင်း ရေးသားခဲ့သည်၊၊ ထို့ကြောင့် နာဂလူမျိုး
များသည် ထိုစာချုပ်အရ ဆယ်နှစ်နောက်ပိုင်းတွင် နာဂနိုင်ငံသည် လွတ်လပ်သောနိုင်ငံ
အဖြစ်ရပ်တည်မည်ဟု ပြောလာသောအခါ အိန္ဒိယအစိုးရက ထိုစာချုပ်ကို အကောင်အထည်
မဖေါ်တော့ဘဲ သူတို့ဖာသာ တစ်ဖက်သတ် ဖျက်သိမ်း ခဲ့သည်၊၊ ထိုစာချုပ် တရားမဝင်တော့
ကြောင်းကို ၁၉၄၉ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် အာသန်ပြည်နယ် ဝန်ကြီးချုပ်က နာဂ
ကိုယ်စားလှယ်များအား တရားဝင်ပြောခဲ့သည်၊၊ ထို ကိုယ်စားလှယ်များသည် အချက် (၉)
ချက်ပါစာချုပ်ကို အကောင်အထည်ဖေါ်ရန် တောင်းဆိုလာသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ခဲ့သည်။
အထက်ပါစာချုပ် လက်မှတ်ရေးထိုးသောနေ့ ညနေပိုင်းတွင်ပင် အာသန်ပြည်နယ်
ဘုရင်ခံ Akbar Hydari က နာဂများအား ခြိမ်းခြောက်ခဲ့သည်မှာ နာဂများအနေဖြင့်
အိန္ဒိယပြည်ထောင်စုထဲ ပါဝင်ရန် ငြင်းမြဲငြင်းနေပါက အိန္ဒိယအနေဖြင့် အင်အားသုံး၍
နာဂတိုင်းပြည်ကို သိမ်းယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်၊၊ ထို့ကြောင့် နအက-ခေါင်းဆောင်များသည် ဦးဖီဇို  (Phizo) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီးကို နယူးဒေလီတွင် သွားရောက် တွေ့ဆုံကာ နာဂအရေးကို ဆွေးနွေး ခဲ့သည်၊၊ နာဂလူမျိုးသည် အိန္ဒိယလူမျိုးမဟုတ်ကြောင်း။ နာဂနယ်မြေကို အိန္ဒိယက မပိုင်ကြောင်း။ နာဂလူမျိုးများသည် ၁၉၄၇ ခုနှစ် သဂုတ်လ(၁၄)ရက်နေ့တွင် မိမိဖာသာ မိမိလွတ်လပ်ရေးကြေငြာမည်
ဖြစ်ကြောင်း။ ကျွန်တော် တို့နိုင်ငံအား တိုက်ခိုက်လာတိုင်း ကျွန်တော်တို့အမြဲတမ်း  ခုခံတိုက်ခဲ့
သည့်အတိုင်း အိန္ဒိ ယနိုင်ငံက ကျွန်တော်တို့ နိုင်ငံအား တိုက်ခိုက်လာပါက တယောက်တည်း
ကျန်သည်အထိ မိမိနိုင်ငံကို ကာကွယ်သွားမည် ဖြစ်ကြောင်း မဟတ္တမဂန္ဒီကြီးအား
အသိအလင်း ပြောခဲ့သည်၊၊ ထိုအခါ မဟတ္တ မဂန္ဒီကြီးက “ကျွန်တော်တို့သည် ဗြိတိသျှ
လက်အောက်ခံအဖြစ် မနေချင်၍ ဗြိတိသျှများအခု ပြန်နေကြပြီဖြစ်သည်။ ထို့အတူ
နာဂလူမျိုးများသည်လည်း အိန္ဒိယ လက်အောက်ခံအဖြစ် မနေလိုပါက အိန္ဒိယနိုင်ငံ၏
အပြင်ဘက်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင် ကြောင်း လွတ်လပ်ရေးကြေညာရန်
သဂုတ်လ (၁၄) ရက်နေ့အထိ စောင့်နေရန် မလို ကြောင်း ယနေ့ပင် ကြေညာနိုင်ကြောင်း
ပြောခဲ့သည်၊၊  အိန္ဒိယ အနေဖြင့် နာဂလူမျိုးများအား အတင်းအကျပ်ပြုကာ အိန္ဒိယ
ပြည်ထောင်စုထဲသို့ သွတ်သွင်းမည် မဟုတ်ကြောင်း နာဂများသည် လွတ်လပ်သော
တိုင်းပြည်အဖြစ်ရပ်တည်ပိုင်ခွင့် ရှိကြောင်း ပြောခဲ့သည်၊” ထိုအခါ နာဂခေါင်းဆောင်များမှ
အာသန်ပြည်နယ် ဘုရင်ခံက အင်အားသုံးပြီး နာဂများအား အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်း
မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းကို ပြန်ပြောပြရာ မဟတ္တမဂန္ဒိကြီးက “အိန္ဒိယအနေဖြင့်
ဤသို့ပြုပိုင်ခွင့် မရှိကြောင်း အကယ်၍ အိန္ဒိယသည် ထိုသို့ အင်အားသုံးမည် ဆိုပါက
နာဂတစ်ယောက်ကိုမျှ မသတ်မှီ ကျနော့်အား အရင်ပစ်သတ်ပါ”ဟု မိမိသည် အိန္ဒိယအစိုးရ
အားပြောမည် ဖြစ်ကြောင်း နာဂခေါင်းဆောင်များကို ကတိကဝတ်ပြုခဲ့သည်၊၊ ထိုသို့
အပြန်အလှန် နားလည်မှု ယူပြီး နာဂလူမျိုးများသည် စီစဉ်ထားသည့်အတိုင်း ၁၉၄၇ ခုနှစ်
သဂုတ်လ (၁၄)ရက်နေ့တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ဤသို့ဖြင့် မွန်ဂို မျိုးနွယ်စုထဲတွင်
နာဂလူမျိုး တမျိုးတည်းကသာ လွတ်လပ်ရေး ကြေငြာဖြစ်ခဲ့သည်၊၊ ထိုကြေငြာစာတမ်းကို
ကုလသမဂ္ဂသို့၎င်း၊ ဗြိတိသျှအစိုးရအား၎င်း ချက်ချင်း သံကြိုးရိုက် ပေးပို့ခဲ့ည်၊၊ ထို့ပြင်
ဗြိတိသျှ-အိန္ဒိယ အစိုးရအားလည်း တရားဝင် အကြောင်းကြားခဲ့သည်၊၊ နောက်တစ်နေ့
သဂုတ်လ (၁၅)ရက်နေ့တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယနိုင်ငံအား လွတ်လပ်ရေး ပေးကြောင်း
ကြေငြာခဲ့သည်၊၊
တဖန် ယခုလက်ရှိ အိန္ဒိယပြည်နယ်အားလုံးသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို
လက်ခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၆) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်၊၊
ထိုအခါ၌လည်း နာဂများသည် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေ ကို လက်မခံကြောင်း ၁၉၅ဝ ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် နာဂအမျိုးသားကောင်စီမှ တင်ကြိုကြေငြာခဲ့သည်၊၊ ထိုကြေ
ငြာချက်ကို ကမ္ဘာ့ကုလသမဂ္ဂသို့၎င်း  နယူးဒေလီ မြို့ တော်တွင် အခြေစိုက်သည့် နိုင်ငံတကာ
သံရုံးအားလုံးသို့၎င်း ပေးပို့ခဲ့သည၊်၊ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုခဲ့သော ရက်အား
အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနေ့ (Republic Day) အဖြစ် သတ်မှတ်လာခဲ့သည်၊၊
 ထို့ နောက် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် နာဂလူမျိုးများသည်
လွတ်လပ်ရေး ကြေငြာချက်ကို အတည်ပြုရန် လက်မပုံစံပေး (Plebiscite) ဆန္ဒခံယူပွဲ
ကျင်းပမည်ဖြစ်ကြောင်း နအက ဥကဌ ဦးဖီဇိုက အိန္ဒိယအစိုးရ သမ္မတအား တရားဝင်
အကြောင်းကြားခဲ့သည်၊၊ ထိုဆန္ဒခံယူပွဲသို့ အိန္ဒိယအစိုးရက လေ့လာသူများ စေလွတ်ပေး
ပါရန်လည်း ပန်ကြားခဲ့သည်၊၊ ထိုသို့ စီစဉ်ထားသည့် အတိုင်း ၁၉၅၁ ခုနှစ် မေလ (၁၆)
ရက်နေ့တွင် နာဂအမျိုးသား ကောင်စီမှ ဦးဆောင်၍ ထိုဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်၊၊
ထိုဆန္ဒခံယူပွဲတွင် နာဂလူမျိုး ၉၉ရာခိုင်နှုန်းက နာဂလူမျိုးသည် လွတ်လပ်သောနိုင်ငံ
အဖြစ်သာ ရပ်တည်မည်ဖြစ်ကြောင်း လက်မပုံစံပေး၍ ဆိုင်းထိုး ခဲ့ကြသည်၊၊ ထိုဆန္ဒခံယူပွဲ
ကျင်းပခြင်းအားဖြင့် နာဂပြည်သူလူထုက နာဂအမျိုးသားရေးတွင် ပြောပိုင် ဆိုပိုင် လုပ်ပိုင်ခွင့်
(Mandate) ကို လည်း နာဂအမျိုးသားကောင်စီအား တညီတညွတ်တည်း ပေးခဲ့သည်၊၊
၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမ ဦးဆုံးသော
အထွေထွေ မဲရွေးကောက်ပွဲကို ကျင်းပခဲ့သည်၊၊ နာဂနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံ၏ အစိပ်
အပိုင်း ဖြစ်သည်ဟူ၍ နာဂနိုင်ငံတွင် မဲပုံးလာထောင်ခဲ့သည်၊၊ သို့သော် နာဂ လူမျိုးတို့သည်
အိန္ဒိယလူမျိုးမဟုတ်။ နာဂနိုင်ငံသည် အိန္ဒိယနိုင်ငံမဟုတ်ဟူ၍ နာဂလူမျိုးအားလုံးက တညီတ
ညွတ်တည်းဖြင့် ထိုရွေးကောက်ပွဲကိုပယ်ချခဲ့သည်၊၊ ထို့ကြောင့် ယှဉ်ပြိုင်သူမရှိ။ မဲတပြားမှ
မရရှိဘဲ မဲပုံးများကို အလွတ်ပြန် သယ်ဆောင် သွားခဲ့ရသည်၊၊ ထို့နောက် ဒုတိယအကြိမ်
အထွေထွေရွေးကောက်ပွဲကို ၁၉၅၇ ခုနှစ့် ကျင်းပသောအခါ နာဂ နိုင်ငံတွင် မဲပုံးထောင်
ရန်ကိစ္စကိုပင် အိန္ဒိယခေါင်းဆောင်များသည် စိတ်မကူး ဝံ့ခဲ့ကြတော့ပေ။ သို့ရာတွင် ၁၉၆၄ ခုနှစ်တွင် သေနတ်ဖြင့်ခြိမ်းခြောက်ပြီး နာဂများအား မဲထည့်ခိုင်းစေခဲ့သည်မှစ၍နာဂနိုင်ငံတွင်
အိန္ဒိယအစိုးရ၏ မဲရွေးကောက်ပွဲ စတင် လာခဲ့သည်၊၊
၁၉၅၂ ခု နှစ် မတ်လ (၁၂) ရက်နေ့ တွင် ဦးဖီဇို အမှူးပြုသော နာဂကိုယ်စားလှယ်
အဖွဲ့သည် အိန္ဒိယမြို့တော် နယူးဒေလီတွင် အိန္ဒိယ ဝန်ကြီးချုပ် ဦးနေရူး နှင့် တွေ့ဆုံခဲ့သည်၊၊
ထိုအခါ ဦးနေရူးက သူ့စားပွဲကို လက်သီးဖြင့် ထုပြီး “ကောင်းကင်ပြိုကျပါစေ၊ အိန္ဒိယနိုင်ငံ
အစိတ်စိတ် အမွှာမွှာကွဲသွားပါစေ၊ သွေးဖြင့် အိန္ဒိယနိုင်ငံကြီး နီရဲသွားပါစေ၊ ကျွန်တော်ဂရု
မစိုက်ဘူး။ ဤကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူဘဲလာလာ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်
နာဂတွေကို ဘယ်တော့မှ လွတ်လပ်ရေး ပေးမှာမဟုတ်ဘူး”ဟူ၍ ကြိမ်းမောင်း အော်ဟစ်
ပြောဆိုခဲ့သည်၊၊ ထိုအခါ နာဂခေါင်းဆောင် ဦးဖီဇိုက ယဉ်ကျေးစွာဖြင့် ဦးနေရူးအား အသိပေး
ပြောခဲ့သည်မှာ။ “ဦးနေရူး ကျွန်တော်တို့ နာဂတွေက အိန္ဒိယဆီက လွတ်လပ်ရေး တောင်းနေ
တာမဟုတ်ဘူး။ အိန္ဒိယကလည်း နာဂတွေကိုဘာမှ ပေးစရာမရှိဘူး။ ခုကျွန်တော်တို့  အိန္ဒိယ
ဝန်ကြီးချုပ်ဆီ လာရခြင်းဟာ ကျွန်တော်တို့  နှစ်နိုင်ငံ ကောင်းမွန်စွာ ဆက်ဆံရေး အတွက်လာ
ခြင်းသာ ဖြစ်ပါတယ်” ဟူ၍ ဦးနေရူး၏ စော်ကားမော်ကား ပြောဆိုမှုကို ယဉ်ကျေးသိမ်မွေ့
စွာ တုန့်ပြန်ခဲ့သည်၊၊  ထိုအခါ ဦးနေရူးက အယှက်ရပြီး နာဂခေါင်းဆောင်ကြီးများ ထပြန်သော
အခါ သူကိုယ်တိုင် တံခါးဖွင့်ပေးခဲ့သည် ဟုဆိုသည်၊၊ အိန္ဒိယလူမျိုးတို့၏ ထုံးစံမှာ မိမိထက်
အဆင့်အတန်းနိမ့်သည်ဟု ထင်ရသူများ ထပြန်သောအခါ ထိုသို့ထ၍ တံခါးဖွင့်ပေး ခြင်းမရှိပါ၊၊
(၃) အိန္ဒိယ ကျူးကျော်လာမှု
၁၉၅၃ ခုနှစ် မတ်လ(၃ဝ)ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူး (Nehru)
နှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု တို့သည် နာဂလန်းကိုဟီးမားမြို့တော်သို့ ရောက်ရှိလာခဲ့ကြ
သည်၊၊ ထိုခေါင်းဆောင် နှစ်ဦးအား နာဂလန်း၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန်အတွက်
စာတမ်းတင်သွင်းရန် နာဂခေါင်းဆောင်များက ပြင်ဆင်ခဲ့ကြသည်၊၊ ထို့ကြောင့် ထိုအစည်း
အဝေးသို့ နာဂလူမျိုး တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်၊၊ သို့ရာတွင် အစည်းဝေးစ
သည့် အချိန့် အိန္ဒိယနိုင်တငံ အာသန်ပြည်နယ် ခရိုင်ဝန်က နာဂများအား ဝန်ကြီးချုပ် နှစ်ဦးနှင့်
Interview တွေ့ဆုံခြင်းကို၎င်း Memorandum စာတမ်းပေးသွင်းခြင်းကို၎င်း ခွင့်ပြုမည်မဟုတ်ကြောင်း ကြေငြာလိုက်သဖြင့် တစ်သောင်းကျော်သော နာဂများသည်ဆန္ဒပြကာ အစည်းအဝေးအတွင်းမှ တယောက်မကျန် ထွက်ခွာသွားခဲ့ကြသည်၊၊ (စကားချပ်၊၊ ထိုအချိန်တွင် အိန္ဒိယ အစိုးရက Naga Hills ကို အာသန်ပြည်နယ်၏ ခရိုင်တခုအဖြစ်သတ်မှတ်ထားခဲ့သည်၊၊)
နာဂလူမျိုးများက  မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုကို  လိုက်လှဲစွာကြိုဆိုရန် ပြင်ဆင်မှု
များပြုလုပ်ခဲ့သည်၊၊ မြန်မာနှင့် နာဂလူမျိုးများသည် သွေးခြင်းသားခြင်း တူညီသည့်မွန်ဂိုလူ
မျိုးများ ဖြစ်ကြောင်း မြန်မာလူမျိုးများ အနေဖြင့် လွတ်လပ်သော တိုင်းပြည်တည်ထောင်
သည်ကို နာဂလူမျိုးများအနေဖြင့် ဂုဏ်ယူပါကြောင်းစသည့် အကြောင်းအရာများပါ သဝဏ်
လွှာတစ်စောင် ပေးရန် ပြင်ဆင်ရေးသားထားခဲ့သည်၊၊ (စကားချပ်၊    ၊ သဝဏ်လွှာ ပေးဖြစ်-မဖြစ်ကိုတော့ တိတိကျကျ အမှတ်ရခြင်း မရှိတော့ပါ၊)
ဝန်ကြီးချုပ်နှစ်ဦးပြန်သွားပြီး မကြာမှီမှာပင် အိန္ဒိယအစိုးရသည် ၁၉၅၃ ခုနှစ် ဧပြီလ
မှစ၍ နာဂလူမျိုးများ အပေါ် နိုင်ငံရေးအကြမ်းဖက်မှု ခြိမ်းခြောက်မှု ရက်စက်မှုများကို
စတင်လာခဲ့ကြသည်၊၊ ဧပြီလ (၁၃) ရက်နေ့တွင် အိန္ဒိယ တပ်သားများအား  နာဂအမျိုး
သမီးများကို မုဒိမ်းကျင့်ရန် အမိန့်ထုတ်ခဲ့သည်၊၊
၁၉၅၄ ခုနှစ်မှစ၍ နာဂနိုင်ငံသို့ အိန္ဒိယစစ်တပ်များ အလုံးအရင်းနှင့်ဝင် ရောက်လာ
ကာ နာဂများအား စတင်တိုက်ခိုက်လာခဲ့သည်၊၊ ထိုအခါနာဂလူမျိုးများ အနေဖြင့်အခြား
ရွေးစရာမရှိ။ မိမိနိုင်ငံအား  မကြောက်မရွံ့ကာကွယ်ရန် ဆုံးဖြတ်ပြီး ကျူးကျော်လာသူအား
မိမိတို့ရရာ လက်နက်ကိုင်ဆွဲကာ ခုခံတိုက်ခိုက်လာခဲ့သည်။ဤသို့ဖြင့် အိန္ဒိယ၏ကျူးကျော်
ရေးစစ် မအောင်မမြင် ဖြစ်စေခဲ့သည်။ ထိုသို့ ကျူးကျော်လာသူအား ခုခံတိုက်ခိုက်ရန်
“နာဂလုံခြုံရေးတပ် (Naga Safeguard)” ကိုဖွဲ့စည်းခဲ့သည်။ ထိုသို့နာဂနိုင်ငံအား
အိန္ဒိယစစ်တပ်မှ ကျူးကျော်လာခဲ့ခြင်းကို နေရူး (Nehru) ၏စာရေး B.N.Mulik
က My years with Nehru စာအုပ်ထဲတွင် ရေးခဲ့သည်မှာ-“အိန္ဒိယစစ်တပ် တွန်ဆန်း
(Tuensang) ဘက်သို့အလုံးအရင်းဖြင့် ဝင်သွားခဲ့ပြီး အင်ဒို-နာဂစစ်ကို စတင်ခဲ့သည်”
ဟုရေးသားခဲ့သည်၊ (My years with Nehru) စာအုပ်စာမျက်နှာ ၃ဝ၈ မှ
ကောက်နှုတ်ချက်)၊ အင်ဒို-နာဂအရေးအခင်းကို အမှန်အတိုင်း ရေးခဲ့သဖြင့် ထိုစာအုပ်ကို
အိန္ဒိယအစိုးရက ပိတ်ပင်ခဲ့သည်၊
၁၉၅၆ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် “နာဂဖက်ဒရယ် အစိုးရ-နဖစ
(Federal Government of Nagaland-FGN)”ကို အနောက် တောင်ဘက်ရှိ
နာဂလူမျိုးများနှင့် လွတ်လပ်သောနာဂ  (Free Naga) လူမျိုးများပေါင်းပြီး စတင်ဖွဲ့
စည်းခဲ့သည်။ Naga Safeguard ကိုလည်း “နာဂပြည်တော် စောင့်တပ်(Naga Home guard
)”ဟူ၍ အမည်ပြောင်းခဲ့သည်၊၊ ထို့နောက် Naga Home guard
ကို ၁၉၆၄ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် “နာဂတပ် မတော် “Naga Army”ဟူ၍
ပြောင်းလဲ ပြင်ဆင်ခဲ့သည်၊၊
အိန္ဒိယအစိုးရသည် နာဂများကို တစ်လအတွင်းတွင် အပြုတ်တိုက်မည်ဟု
ကြိမ်းဝါးကာ စစ်ကိုစတင်ခဲ့သည်၊၊ သို့ရာတွင် ၎င်းတို့ထင်သည့်အတိုင်း ဖြစ်မလာသောအခါ
၁၉၅၇ ခုနှစ်မှစ၍ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ (Divide and Rule Policy) ကို
စတင်ကျင့်သုံးလာခဲ့သည်၊ ဤသို့ဖြင့် နာဂပညာတတ် အချို့အား စည်းရုံးကာ Naga People’s Converntion
ကို ဖွဲ့စည်းစေခဲ့သည်၊၊ ထိုအဖွဲ့အစည်းနှင့် အိန္ဒိယအစိုးရသည် ၁၉၆ဝ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် အချက် တစ်ဆယ်ခြောက်ချက်ပါ စာချုပ်(၁၆-Point agreement) ကို လက်မှတ်ရေးထိုးပြီး နာဂလူမျိုးများအား အထူးပြည်နယ်ပေးခဲ့သည်၊၊ ထိုအထူးပြည်နယ်ကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင်
အိန္ဒိယသမ္မတက တရားဝင် ကြေငြာခဲ့သည်၊၊
၁၉၆ဝ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် နာဂအမျိုးသားခေါင်းဆောင် ဦးဖီဇို နအက-ဥက္ကဌသည် အင်္ဂလန်နိုင်ငံ၌ ရောက်ရှိခဲ့သဖြင့် နာဂနှင့် အိန္ဒိယနိုင်ငံပြဿနာကို ကုလသမဂ္ဂသို့တင်သွင်းရန် ကြိုးစားခဲ့သည်။ Memorandum ရေးပြီး ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။Memorandum နှင့်အတူ အိန္ဒိယတပ်သားများက နာဂလူမျိုးများအား ရက်စက်ပုံနှင့်လူမျိုးတုံးအောင် သတ်ဖြတ်မှုတို့ကို (The fate of Nagas) ဟု စာအုပ်ပြုစုရေးသားပြီးပူးတွဲပေးပို့ခဲ့သည်။ ဥရောပတိုက်နှင့် အမေရိကန်နိုင်ငံ၌ လှည့်လည်၍ နာဂနိုင်ငံရေး အကြောင်းဟောပြောခဲ့သည်၊ ဤသို့ဖြင့် အနောက်တိုင်း နိုင်ငံများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
(၄) ငြိမ်းချမ်းရေးစာချုပ်
ထို့ကြောင့် ဝန်ကြီးချုပ်နေရူးသည် ဦးဖီဇို၏လုပ်ရပ်ကို ပျက်ပြားအောင်လုပ်ရန် အတွက် ချက်ခြင်း
အရေးပေါ်စီစဉ်ကာ နာဂလူမျိုးများကို အထူးပြည်နယ် ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်နာဂအမျိုးသားကောင်စီ (NNC) က ထိုအထူးပြည်နယ်ကို လက်မခံဘဲ ပယ်ချခဲ့ပြီး လက်နက်များကို အရှေ့ ပါကစ္စတန် မှ တင်သွင်းကာ ကျူးကျော်သူ အိန္ဒိယ လက်နက်ကိုင်များကို  အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အိန္ဒိယဝန်ကြီးချုပ် နေရူးသည် နာဂအမျိုးသားများအား ပြည်နယ်ပေးခြင်းသည် ပြဿနာ၏ အဖြေမဟုတ်ကြောင်း သိလာပြန်ကာ နာဂအမျိုးသားကောင်စီ နှင့် ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းရန် ၁၉၆၄ ခုနှစ်မေလ (၂၄) ရက်နေ့တွင် နာဂဖက်ဒရယ် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ ပြန်သည်။ထိုစာချုပ်သည် ၁၉၆၄ ခုနှစ် စက်တင်ဘာ (၆) ရက်နေ့တွင် အတည်ဖြစ်လာ ခဲ့သည်။ ထိုသို့သုံးလကျော်ကြာမှ အတည်ဖြစ်လာခဲ့ခြင်းသည် အိန္ဒိယအစိုးရခေါင်းဆောင် များက စာချုပ်တွင်
နာဂသူပုန်ဟူသော ဝေါ်ဟာရကို အသုံးပြုရန်အဆိုပြုသောကြောင့် ဖြစ်သည်။ နာဂအမျိုးသားခေါင်းဆောင်များက နာဂတို့သည် အိန္ဒိယအစိုးရအား တော်လှန်ပုန်ကန်နေသော သူပုန် မဟုတ်။
လွတ်လပ်သောတိုင်းပြည်ဖြစ်သည်။ နာဂဖက်ဒရယ်အစိုးရဟူ၍သုံးရန်။ ထိုသို့မသုံးဘဲ သူပုန်ဟူ၍
သုံးမည်ဆိုပါက ငြိမ်းချမ်းရေးစာချုပ်ကို လက်ခံမည် မဟုတ်ကြောင်း  အကြပ်ကိုင် ပြောဆိုသည်။
ထို့ကြောင့်စာချုပ်သည် ပျက်ပြားမည့် အခြေအနေသို့ရောက်ခဲ့သည်။ နောက်ဆုံး၌ အိန္ဒိယက
နာဂဖက်ဒရယ်အစိုးရ နာမည်ကို အသုံးပြုရန် လက်ခံလာခဲ့သဖြင့် နာဂလန်းငြိမ်းချမ်းရေးမစ်ရှင်က အိန္ဒိယအစိုးရ နှင့် နာဂဖက် ဒရယ်အစိုးရအကြား ငြိမ်းချမ်းရေး အရဆွေးနွေးကြမည်ဟု ကြေငြာကာ ငြိမ်းချမ်းရေးသည် အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်အရအိန္ဒိယ အစိုးရသည် နာဂဖက်ဒရယ်အစိုးရကို အသိအမှတ်ပြုရာရောက်ခဲ့ပြီး 16-Point Agreement ကိုအစားထိုးပြုရာ ရောက်ခဲ့သည်။
ဤငြိမ်းချမ်းရေးစာချုပ် ဖြစ်မြောက်ရန်အတွက် နာဂလန်း ငြိမ်းချမ်းရေးမစ်ရှင်
(Nagaland Peace Mission) အဖွဲ့ဝင်များဖြစ်ခဲ့ကြသော အင်္ဂလန်မှ Rev.
Michael Scott အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေး လှုပ်ရှားသူခေါင်းဆောင် Jaya Prakash Narayan
နှင့် အာသန်ပြည် နယ်ဝန်ကြီးချုပ် Bimala Prasad Chalihan တို့ကကြားဝင် စေ့စပ်ပေးခဲ့သည်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် အောင်မြင်စွာ ဆိုင်းထိုးနိုင်ခဲ့ပြီးနောက်ငြိမ်းချမ်းရေးမစ်ရှင် အဖွဲ့မှ ပြဿနာကိုဖြေရှင်းရန် သူတို့၏ အဆိုပြုချက်ကို ထိုနှစ် ၁၉၆၄ ဒီဇင်ဘာလ (၂ဝ) ရက်တွင် တင်ပြခဲ့သည်။ ထိုအဆိုပြုချက်ကို ၁၉၆၅ ခုနှစ် မတ်လ (၂၄-၂၅) ရက်များတွင် ထိုင်ခဲ့သော Tatar Hoho (နာဂါလန်းလွှတ်တော်) အစည်းအဝေးသို့
တရားဝင် တင်သွင်းပြီး ရှင်းပြခဲ့သည်။ ထိုအဆိုပြုချက်မှာ-(a solution within the Indian Union, outside Indian Constitution) ပြဿနာကို ဖြေရှင်းရန် နာဂလန်းသည် အိန္ဒိယပြည်ထောင်စု အတွင်းမှာသာဖြစ်ပြီး အိန္ဒိယအခြေခံဥပဒေ၏ ပြင်ပမှာ”ဖြစ်ရမည်ဟူသော အဆိုဖြစ်သည်။ သို့သော် ထိုအဆိုကို နာဂလန်းလွှတ်တော်မှ ပယ်ချခဲ့သည်။ အကြောင်းမှာ နာဂအမျိုးသားများသည် အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေး တောင်းနေသည်မဟုတ် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းသာ ဖြစ်သည်ဟု
ပယ်ချခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိန္ဒိယလွှတ်တော်အမတ် ဖြစ်ခဲ့သူ ဦးဆွယ်ဆား (Suisa Tangkhul) ကထိုအဆိုကို ပြန်လည်မွန်းမံပြီး တင်ပြခဲ့သဖြင့် နောင်တွင် ဆွယ်ဆား
အဆိုပြုချက် (Suisa’s Proposal) ဖြစ်လာခဲ့သည်။
ဤသို့ ငြိမ်းချမ်းရေး ရလာပြီးနောက် နာဂနိုင်ငံတော် ဝန်ကြီးချုပ် Koghato Sukhai
 နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဒေါ်အင်ဒီရာဂန္ဒီ (Mrs.Indian Ghandi)
တို့သည် ၁၉၆၅ မှ ၁၉၆၇ ခုနှစ် အောက်တိုဘာလအထိ နှစ်နိုင်ငံအကြား ပြဿနာ
ဖြေရှင်းရန် နယူးဒေလီ (New Delhi) မြို့တော်တွင် ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင်
အိန္ဒိယအစိုးရမှ သွေးခွဲရေး မူဝါဒကို ပြန်လည်ကျင့်သုံးလာခဲ့သဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ
(၂) ရက်နေ့တွင် ထိုစဉ်က နာဂလန်း သမ္မတ- ဦးစကားတော (Scato) နှင့် ဝန်ကြီးချုပ်-ဦးကိုဂါတို(Koghato) တို့သည် နာဂဖက်ဒရယ်အစိုးရ (FGN) မှ ခွဲထွက်၍ တော်လှန်ရေး အစိုးရ (Revolutionary Government)ကို ဖွဲ့စည်းလိုက်ပြီး ပါကစ္စတန်မှသယ်ယူလာသော လက်နက်အားလုံးကို သိမ်းကျုံး ယူသွားခဲ့သည်။ ထို့ကြောင့်
နာဂဖက်ဒရယ်အစိုးရမှာ လက်မဲ့ဘဝသို့ ရောက်ခဲ့ရသည်။ ထို့အပြင် ၁၉၆၉ ခုနှစ် မတ်လတွင်
တရုပ်နိုင်ငံမှ လက်နက်အပြည့်ဖြင့် ပြန်ရောက် ရှိလာသော Gen.Mowu  နှင့် တပ်သား
အင်အားငါးရာနီးပါးပါ-အဖွဲ့ကိုလည်း တော်လှန်ရေးအစိုးရနှင့် အိန္ဒိယအစိုးရတို့က အကွက်
ဆင်ပြီး အားလုံးကို သေနတ်တချက်မှ မဖေါက်ဘဲ ဖမ်းဆီးခဲ့သည်။ တော်လှန်ရေး အစိုးရသည်
လည်း ၁၉၇၃ ခုနှစ် သြဂုတ်လ(၁၆) ရက်နေ့တွင် အလင်းဝင် လိုက်ရပြီး အိန္ဒိယအစိုးရမှ
နယ်စပ်လုံခြုံရေးတပ် (Border Security Forces) အဖြစ် အသွင်ပြောင်းလိုက်ခဲ့သည်။
(၅) ရှီလောင်စာချုပ်
အိန္ဒိယအစိုးရသည် ၁၉၇၂ ခုနှစ်။ သြဂုတ်လ(၃၁)ရက်နေ့တွင် နာဂဖက်ဒရယ်
အစိုးရနှင့် ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း တဘက်သတ်
ကြေငြာလိုက်ပြီး “နာဂဖက်ဒရယ်အစိုးရ နာဂအမျိုးသားကောင်စီ နှင့် နာဂတပ်မတော်”
တို့အား မတရားအသင်း အဖွဲ့များအဖြစ်ကြေငြာကာ NNC, FGN တို့ကို  အပြုတ်
တိုက်ရန် ပြန်လည် ထိုးစစ်ဆင်လာခဲ့သည်။ဤသို့ထိုးစစ်ဆင်လာခြင်း. ရည်ရွယ်ချက်မှာ
နာဂလူမျိုးများက အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို လက်ခံလာအောင် လက်နက်အားဖြင့်
ဖိအားပေးရန် (သို့) လုံးဝဥဿုံ အလင်းဝင်လာစေရန် ရည်ရွည်၍ စစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ဤစစ်ပွဲအတွင်း အိန္ဒိယလက်နက်ကိုင် တပ်သားအင်အား (၅) သိန်းကျော် ပါဝင်ခဲ့ကြောင်း
သိရသည်။ နာဂကျေးရွာများနှင့် ယာခင်းများအားလုံး အိန္ဒိယစစ်တပ်ဖြင့်ပြည့်ခဲ့သည်။
ရွာသားများအား တောင်ယာမသွားစေဘဲ ရွာများတွင်ပိတ်ပြီး ဝိုင်းထားခဲ့သည်။
စပါးရိတ်သိမ်းချိန် ရောက်လာသော်လည်း စပါးရိတ်သိမ်းခွင့်မပေးဘဲ ရွာသားများကို နေ့ တိုင်း
တနေရာထဲ (Concentration Camp) တွင် စုခိုင်း၍ စစ်ဆင်ရေးမပြီးမချင်း တပ်သား
များဖြင့် ဝိုင်းထားစေခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နာဂတပ်မတော်သားများအား
ရိက္ခာပံ့ပိုးမှု မပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်းတွင် လူမဆန်ရက်စက်မှု အမျိုးသမီးများကို မုဒိမ်းကျင့်မှုနှင့်
သတ်ဖျက်မှု တို့မှာပြောမကုန် နိုင်အောင် နေ့စဉ်ကျူးလွန်ခဲ့ကြသည်၊ ဤသို့ဖြင့် ပြည်သူလူ
ထုမှ ဒုက္ခမခံနိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသောအခါ နာဂခရစ်ယာန် ခေါင်း
ဆောင်များက နာဂလန်း ငြိမ်းချမ်းရေးကောင်စီ (Nagaland Peae Council) ကို
၁၉၇၄ ခုနှစ် မတ်လတွင်ဖွဲ့စည်း၍ နှစ်ဦးနှစ်ဘက်အကြား ငြိမ်းချမ်းရေးထား၍ ဆွေးနွေး
ကြရန် ကြားဝင်ဖြန်ဖြေ ပေးခဲ့သည်။ ထို့ကြောင့် ၁၉၇၅ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင်
မေဂါလားယား (Meghalarya) ပြည်နယ်မြို့တော် ရှီလောင်  (Shillong) မြို့တွင်
စာချုပ်တစ်ခု ထပ်မံချုပ်ဆိုခဲ့သည်။ နောင်တွင် ထိုစာချုပ်ကို ရှီလောင်စာချုပ် (Shillong Accond)
 ဟူ၍ ထင်ရှားလာခဲ့သည်။ ထိုစာချုပ်၏ ထူးခြားချက်မှာ အိန္ဒိယ အစိုးရသည်
နာဂအမျိုးသား ကိုယ် စားလှယ်များကို NNC, FGN ကိုယ်စားလှယ် ဟူ၍ မသုံးဘဲ
သူပုန်ဟူသော ဝေါဟာရ ကိုသုံးခဲ့သည်။ ကိုယ်စားလှယ်များ၏ တာဝန်ရာထူး
(Designation) များကိုလည်း မထည့်သွင်းဘဲ ကိုယ်ပိုင်အမည်နှင့်သာ လက်မှတ် ရေးထိုး
စေပြီး အောက်တွင် သူပုန်ကိုယ်စားလှယ်များဟုသာ ဖေါ်ပြခဲ့သည်။ ထိုမျှမက-ထိုစာချုပ်ထဲ
တွင် နာဂ၊ နာဂလန်း ဟူသော လူမျိုးအမည်နှင့် တိုင်းပြည်၏ အမည်ကိုလည်း ထည့်သွင်း
အသုံးမပြုခဲ့ပါ။ ထို့ကြောင့် ထိုစာချုပ်သည် တရားမဝင်သော စာချုပ်သာ ဖြစ်ခဲ့သည်။
သို့ဖြစ်ရာ ထိုစာချုပ်အား အိန္ဒိယအစိုးရမှသော်၎င်း နာဂဖက်ဒရယ် အစိုးရမှ သော်၎င်း
တရားဝင်အတည်ပြုခြင်း ပုံဖေါ် လုပ်ဆောင်ခြင်း လုံးဝမရှိခဲ့ပါ။
- ရှီလောင်စာချုပ်ပါ အချက်တို့မှာ ————
(၁) သူပုန်ကိုယ်စားလှယ်များသည် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမည်ဟု
   မိမိသဘောအရ ဆုံးဖြတ်လိုက်သည်။
(၂)သူပုန်လက်ထဲတွင်ရှိသော လက်နက်များအား သတ်မှတ်သောနေရာတွင် အပ်နှံရန်
  သဘောတူသည်။
(၃) နောက်ဆုံးပြဿနာကို ဖြေရှင်းရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးသော သူပုန်
ကိုယ်စားလှယ်များက ပုံဖော်ဆောင်ရန် သဘောတူသည်။
နာဂဖက်ဒရယ်အစိုးရသည်လည်း ဤစာချုပ်ကို လိမ္မာပါးနပ်စွာဖြင့် ထုတ်ပြန်ကြေငြာချက်
(Statement) တစ်ခုထုတ်၍ ပယ်ချခဲ့သည်။ ထို Statement ကို အိန္ဒိယ အာသန်
ပြည်နယ်ဘုရင်ခံ (စာချုပ်တွင် အိန္ဒိယကိုယ်စားလှယ် အဖြစ်ဆိုင်းထိုးသူ) L.P.Shingh
က တရားဝင် လက်ခံခဲ့သဖြင့်။ ထိုစာချုပ်သည် ဆိုင်းထိုးပြီး များမကြာမီမှာပင် သမိုင်း၏
အမိုက်ပုံးထဲ ရောက်သွားခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးအတွက်သာ သဘောတူ ဆုံးဖြတ်
လာခဲ့သဖြင့်။ နာဂလန်းတွင် အိန္ဒိယ၏ စစ်ဆင်မှုအားလုံး ရပ်ဆိုင်းကာ ၁၉၇၆ ခုနှစ်မှစ၍
ငြိမ်းချမ်းရေး ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ထိုသို့ ငြိမ်းချမ်းရေး ပြန်လည်ပေါ်ထွန်းလာ
သည်နှင့်အမျှ အိန္ဒိယထောင်များမှ နာဂနိုင်ငံရေး အကျဉ်းသား ခြောက်ရာ (၆ဝဝ)  ကျော်ကို
ချက်ခြင်းလွတ် ပေးခဲ့သည်။ နာဂလန်းငြိမ်းချမ်းရေးကောင်စီမှလည်း ငြိမ်းချမ်းရေးစခန်းများကို
ဆောက်တည်ပေးခဲ့ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းလာခဲ့ကြသည်။
(၆) ရှီလောင်စာချုပ်ကို ခုတုံးလုပ်ပြီး ဆိုရှယ်လစ်အစိုးရ ဖွဲ့စည်း၊
သို့သော်ကွန်မြူနစ်ဝါဒီ Th. Muivah (ထိုအချိန်က နာဂအမျိုးသားကောင်စီ
အထွေထွေအတွင်းရေးမှူး) နှင့် Isak Swu (နာဂဖက်ဒရယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး)
တို့သည် ရှီလောင်စာချုပ်ကို အသုံးချကာ နိုင်ငံရေး ကစားလာခဲ့ကြသည်။ ထိုခေါင်းဆောင်
နှစ်ဦးတို့က မှားယွင်းစွာဖြင့် ရှီလောင်စာချုပ်သည် တိုင်းပြည်အပေါ် သစ္စာဖေါက်သော စာချုပ်၊
အလင်းဝင်စာချုပ်ဖြစ်သည်ဟုကြေငြာကာ NNC, FGN ခေါင်းဆောင်များအားလုံးနှင့်
ထောက်ခံသူများကို သစ္စာဖေါက်အဖြစ်သမုတ်၍ သတ်ဖြတ်လာခဲ့ကြသည်။ အမှန်မှာ
သူတို့နှစ်ယောက် ၁၉၇၆ ခုနှစ်ဇန်နဝါရီလတွင် တရုပ်ပြည်မှ ပြန်ရောက်မလာခင်။ ထိုစာချုပ်
သည် FGN မှပယ်ချခဲ့သဖြင့် သမိုင်း၏အမှိုက်ပုံထဲ ရောက်သွားခဲ့ပြီးဖြစ်သည်။ ထိုကြောင့်
၎င်းတို့၏ စွပ်စွဲချက်များသည် မတရားစွပ်စွဲချက်များသာ ဖြစ်ပြီး ရှီလောင်စာချုပ်ကို ခုတုံးလုပ်
၍နိုင်ငံရေးကစားခြင်းသာဖြစ်သည်။
ထိုသူနှစ်ဦးတို့သည် နအက နှင့် နဖစတို့  မှ ၁၉၈ဝ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့
တွင် ခွဲထွက်ကာ ထိုနေ့တွင်ပင် “နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-နအဆက
(National Socialist Council of Nagaland-NSCN)”ကို ဖွဲ့စည်း
လိုက်သည်။ ထိုသို့ဖွဲ့စည်းနိုင်ရေးအတွက် သူတို့၏ မူဝါဒကို မကြိုက်သူ၊ ဆန့်ကျင်သူ
နာဂအမျိုးသားခေါင်းဆောင် (၂ဝ)ခန့် အား ၁၉၇၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖမ်းဆီးသတ်ဖြတ်
လိုက်ပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-နအဆက (NNC) ကို ဖွဲ့စည်းလိုက်ခြင်း
ဖြစ်သည်။ ထိုသို့ မိမိညီအစ်ကိုများအား သတ်ဖြတ်ခြင်းနှင့် နအဆက ဖွဲ့စည်းခြင်းသည်
အရှေ့ပိုင်း နာဂနယ်မြေတွင် ဖြစ်ခဲ့သည်၊ ထိုသို့ဖွဲ့စည်းပြီးနောက် သူတို့၏ သေနတ်ပြောင်းကို
ကျူးကျော်သူဘက်သို့ မလှည့် တော့ဘဲ။ မိမိတို့ နာဂအမျိုးသား အချင်းချင်းဘက်သို့ လှည့်ကာ
တိုက်ခိုက်လာကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုသို့ဖြစ်လာခြင်းမှာ အိန္ဒိယ ခေါင်းဆောင်
များ. စနစ်တကျ ပြုလုပ်ခဲ့သော သွေးခွဲရေးပေါ် လစီကြောင့်ဖြစ်ပေသည်။
အကျဉ်းအားဖြင့် ပြောမည်ဆိုလျှင်- နာဂလူမျိုးများ၏တင်ပြချက်ကို ဗြိတိသျှ
အစိုးရမှ အရေးယူဖြေရှင်းခဲ့ခြင်း မရှိသောကြောင့်သော်၎င်း၊ အိနြိယအစိုးရကလည်း နာဂနိုင်ငံ
၏လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ကျူးကျော်လာခြင်းတို့ကြောင့် အင်ဒို-နာဂပိပက္ခ
စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အင်ဒို-နာဂပိပက္ခသည် နာဂလူမျိုးများက အိန္ဒိယနိုင်ငံမှ
လွတ်လပ်ရေးတောင်း၍ ဖြစ်ပေါ်လာသော ပြ၏နာမဟုတ်။ အိန္ဒိယနိုင်ငံက နာဂနိုင်ငံ၏
လွတ်လပ်ရေးကို  အသိအမှတ်မပြုဘဲ ကျူးကျော်လာသောကြောင့်  ဖြစ်ပေါ်လာသော
ပြဿနာဖြစ်သည်။
ထို့ကြောင့် ဤပြဿနာသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာမဟုတ်။
ပြည်တွင်းရေးနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ အင်ဒို-နာဂပိပက္ခ (Indo-NaganConflict) ကိုဖြေရှင်းရန် အိန္ဒိယနိုင်ငံက ယဉ်ကျေးသောနိုင်ငံကြီးပီပီ မိမိ၏စစ်တပ်များကို
နာဂလန်းမှရိုးသားစွာ ရုပ်သိမ်းသွားခြင်းသည် အဓိကဖြစ်သည်။ နာဂလူမျိုးများ အနေဖြင့်
မိမိနိုင်ငံ၏ လွတ်လပ်ရေးကို မဆုတ်မနစ် ဇွဲမလျော့ဘဲ ဆက်လက်၍ ကာကွယ်သွားမည်
ဖြစ်သည်။
(၇) အရှေ့ပိုင်းနာဂလှုပ်ရှားမှု
အရှေ့ပိုင်း နာဂလူမျိုးများသည် မြန်မာနိုင်ငံအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့်
ကချင်ပြည်နယ် အနောက် မြောက်ပိုင်းတွင် နေထိုင်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း
မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု နှင့် အနောက်ဘက် နာဂအမျိုးသားများ၏ နိုင်ငံရေးလှုပ်ရှားမှု
စသည်များကိုလည်း လုံးဝမသိဘဲ နေထိုင်ခဲ့ကြသည်။ ထိုအချိန်တွင် အခြားဘာသာစကား
တတ်ကျွမ်း နားလည်သူများလည်း နည်းပါးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီိလတွင်
ပြည်ထောင်စု မြန်မာ နိုင်ငံတော် တည်ထောင်ရန်အတွက် ပြုလုပ်ခဲ့သော ပင်လုံစာချုပ်
ကိုလည်း နာဂအမျိုးသာများက မသိရှိခဲ့ပါ။ သို့သော် သမိုင်းပညာရှင်အချို့က ချင်းအမျိုးသား
ရွှန်ခိုးထောင်သည် နာဂနယ်မြေ ဆွမ္မရာဒေသ ကိုယ်စားလှယ်အဖြစ် သွားခဲ့ကြောင်း ရေးသား
ထားသည်ကိုတွေ့ရသည်။ သို့ရာတွင် သူသည် ပင်လုံစာချုပ် နောက်ပိုင်း  ၁၉၄၇ ခုနှစ် မတ်
လတွင် ဖွဲ့စည်းခဲ့သော တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့၏ အစည်အဝေး မေမြို့တွင် ပြုလုပ်ခဲ့
သော(မတ်လ ၁၈မှ ဧပြီလ ၂၁) အစည်းအဝေးသို့ သွားခဲ့သော ကိုယ်စားလှယ်သာ ဖြစ်ပြီး
ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သော အစည်းအဝေးသို့ တက်ရောက်ခြင်း မဟုတ်ကြောင်း
အတိအလင်း ရေးသားထားသည်ကို တွေ့ရသည်။ ထို့ကြောင့် နာဂအမျိုးသားများသည်
ပင်လုံစာချုပ်တွင် သော်၎င်း၊ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ အစည်းအဝေးတွင် သော်၎င်း
ပါဝင်ခဲ့ ခြင်းမရှိပါ။ သို့သော် လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက နာဂတောင်တန်း
သည်လည်း မြန်မာနိုင်ငံအတွင်း ပါဝင်ကြောင်း ဆိုလာသဖြင့် နာဂလူမျိုးများသည် ဘာမှ
မသိဘဲ  မြန်မာနိုင်ငံထဲ ပါဝင်လာခဲ့ရခြင်းဖြစ်သည်။
၁၉၆ဝ ခုနှစ် နောက်ပိုင်းတွင် အရှေ့ နာဂအမျိုးသားများသည်လည်း အမျိုးသား
ရေးတွင် နိုးကြားမှုရှိလာပြီး ၁၉၆၄ ခုနှစ် မေလ၌ ဖားကျက် ကျေးရွာတွင် ဟိုင်းမြေ နာဂ
အမျိုးသားခေါင်းဆောင်များ အစည်းအဝေးကျင်းပ၍ နာဂအမျိုးသားကောင်စီ နှင့် ဆက်သွယ်
ပြီး မိမိနာဂတိုင်းပြည်ကို  အခြားညီအစ်ကို နာဂများနှင့်အတူ ကာကွယ်သွားမည် ဟု
ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုသို့ဆုံးဖြတ်ချက်ချသည့်အတိုင်း နာဂအမျိုးသားကောင်စီ နှင့်
ဆက်သွယ်ရန် ဦးခပ်လန် နှင့် ဦးယန်းလုံးတို့အား ဆွမ္မရာနယ်မြေသို့ စေလွတ်ခဲ့သည်။
ထိုအချိန်တွင် အနောက်ဘက်မှ နာဂအမျိုးသားခေါင်းဆောင် အချို့တို့သည် အရှေ့  ပါကစ္စတန်
သို့ သွားလာနေသော အချိန်ဖြစ်ရာ ဆွမ္မရာနယ်တွင် ယာယီစခန်းများချ၍ နေထိုင်ကြသဖြင့်
ဟိုင်းမြေ နယ်မှလွတ်ခဲ့သော ကိုယ်စားလှယ် နှစ်ဦးတို့သည် နအက ဘက်မှ နာဂအမျိုးသား
ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။ သူတို့နှစ်ယောက်အား လွတ်သည် နှင့်တပြိုင်တည်း
  ဒုတိယကမ္ဘာစစ် လက်နက်ဟောင်းများကို စုစည်းပြီး နာဂလက်နက်ကိုင်တပ်ကိုလည်း
ကာကွယ်ရေးတပ် အမည်ဖြင့် ဖွဲ့ စည်းခဲ့သည်။
ထိုသို့ အဆက်အသွယ် ချိပ်မိပြီး နာဂအမျိုးသားကောင်စီ လူကြီးများ၏ နားလည်မှု
ရယူကာ အရှေ့ နာဂတော်လှန်ရေးကောင်စီ (Eastern Naga Revolutionary Council-ENRC) ကို ဧပြီလ (၇) ရက်နေ့တွင် ဆွမ္မရာ (Somra) ရွာတွင် စတင်ဖွဲ့စည်းခဲ့သည်။ ENRC ၏ ပထမဦးဆုံးခေါင်းဆောင်မှာ ဦးကျော်ပေါ့ (Chopoh) ဖြစ်ပြီး ဦးကျော်ပေါ့ အနားယူသည့် နောက်ပိုင်းတွင် ဦးခပ်လန် (Khaplang) က ခေါင်းဆောင်ပြီး နာဂတိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်လာခဲ့သည်။ ENRC ၏ ရည်ရွယ်ချက်
မှာ အရှေ့အနောက် နာဂများ ပေါင်းပြီး နာဂနိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ရန်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပက်ကွိုင် (patkai) တောင်တန်းကိုလိုက်ပြီး ၁၉၁၄ ခုနှစ်တွင်
ဗြိတိသျှ အစိုးရမှ နာဂများ မသိဘဲ မြေပုံရေးဆွဲခဲ့သော နယ်စပ်သည်၊ နာဂနယ်မြေအလယ်မှ
ဖြတ်ပြီးရေးဆွဲခဲ့သဖြင့် ရွာသည် အိန္ဒိယနိုင်ငံဘက်တွင်ဖြစ်လျှင် တောင်ယာသည် မြန်မာနိုင်ငံ
ဘက်၌ ဖြစ်နေသည်။
ရွာတရွာဖြစ်သော လုံဝါး (Lungwa) ရွာ၏ အလယ်ခေါင်တည့်တည့်မှ
နယ်စပ်မျဉ်း လိုင်းဖြတ်သဖြင့် ရွာတရွာတွင်ရှိကြသော ရွာသားများသည် နိုင်ငံနှစ်နိုင်ငံ (အိန္ဒိယ၊
မြန်မာ) အမျိုးသားများဖြစ်လာကြသည်။ ထိုရွာ  (Ahng) စော်ဘွားအိမ်၏ တစ်ပိုင်းမှာ
မြန်မာနိုင်ငံဘက်ဖြစ်ပြီး တစ်ပိုင်းမှာ အိန္ဒိယနိုင်ငံဘက်တွင် ဖြစ်နေသည်။ ထို့ကြောင့်
သူပြောလေ့ရှိသည်မှာ မြန်မာနိုင်ငံတွင်အိပ်ပြီး အိန္ဒိယနိုင်ငံတွင်စားသည်ဟု ဟာသစကား
နိုင်ငံခြားသားများ သူ့ဆီလေ့လာရန် ရောက်ရှိလာသောအခါ ပြောလေ့ရှိသည်။
အထက်ပါ (ENRC) သည် ၁၉၇၉ ခုနှစ် မတ်လ (၁ဝ) ရက်နေ့တွင် နာဂ
အမျိုးသားကောင်စီ နှင့် ပေါင်းလိုက်ကြောင်း ဦးခပ်လန်က ဆိုင်းထိုးခဲ့သည်။ သို့သော် ၁၉၈ဝ ခုနှစ် ဇန္နဝါရီလတွင် ဦးခပ်လန်နှင့် အင်အားစုတို့သည် နအက၊ နဖစ တို့မှ ပြန်လည်
ခွဲထွက်ကာ ဦးမွေဝါး-အီဆက် (Muivah-Isak) တို့နှင့်ပေါင်းပြီး အထက်တွင်
ဖေါ်ပြခဲ့သည့်အတိုင်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) ကို ဖွဲ့စည်းခဲ့ကြ
သည်။ သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် အီဆက် မွေဝါးတို့၏ မှားယွင်းသောပေါ်လစီ (ဝါ)
အထူးပြည်နယ်အတွက် အိန္ဒိယ အစိုးရနှင့်ဆွေးနွေးရန် ကြံစည်သည်ကို တွေ့မြင်လာကာ
အီဆက်-မွေဝါး အဖွဲ့မှ ပြန်လည်ခွဲထွက်၍NSCN-Khaplang (NSCN-K) အဖွဲ့ဟုရပ်တည်လာခဲ့သည်။ တစ်ဘက်တွင် အီဆက်-မွေဝါး (NSCN-IM) အဖွဲ့ဟု ဖွဲ့စည်း၍ အချင်းချင်းတိုက်လာခဲ့ကြသည်။ NSCN-IMအဖွဲ့သည် ၁၉၉၇ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။ ထို့နောက် အိန္ဒိယအစိုးရမှ NSCN-IM အဖွဲ့အား ငြိမ်းချမ်းရေးဆုကြေး (Peace bonus) ရူပီးငွေ ကုသေုံးရာ ခြောက်ဆယ်ငါး (၃၆၅) ပေးခဲ့ကြောင်း သိရသည်။ အီဆက်-မွေဝါးတို့သည်၂ဝဝ၁ ခုနှစ်တွင်
အချက် (၃၁) ချက်ပါ ချာတာကို အိန္ဒိယအစိုးရအား တင်သွင်း၍ အထူးပြည်နယ်
အတွက်ဆွေးနွေးလာခဲ့ကြသည်။ သို့သော်   နှစ်ပေါင်း တစ်ဆယ်ကျော်လာခဲ့သော်လည်း
မည်သည့် ဖြေရှင်းချက်မှ မရနိုင်ခဲ့ပါ။ သူတို့၏ (၃၁) ချက်ချာတာတွင် အိန္ဒိယ အစိုးရနှင့်
ဆွေးနွေးရာတွင် အရှေ့နာဂအမျိုးသားများအတွက် ထည့်သွင်းဆွေးနွေးမည် မဟုတ်ကြောင်း
အတိအလင်းဖေါ်ပြထားသည်။
သူတို့ (အီဆက်-မွေဝါး) သည် နာဂအမျိုးသား သမိုင်းကြောင်းမှသွေးဖီ၍ NSCN ဖွဲ့စည်းပြီး သမိုင်းကြောင်း အသစ်စတင်ခဲ့သည်။ ကိုယ့်အမျိုးသား ခေါင်းဆောင် များနှင့် ပြည်သူများကို မတရားစွပ်ဆွဲပြီး သတ်ဖြတ်ခဲ့ကြသည်။ ပါတီ ဆွဲကိုင်းခွဲမူဝါဒ (factionalism) ဖန်တီးပြီး နာဂအမျိုးသား အချင်းချင်း တိုက်ခိုက်စေခဲ့သည်။ နာဂအမျိုးသားစည်းလုံးညီညွတ်ရေးကို လုံးဝပျက်ပြားစေခဲ့သည် ဤသည်ကား သမိုင်းတွင် သူတို့က မဟာအမှားကြီးကို ကျူးလွန်ခဲ့ ကြောင်း သမိုင်းသွင်ခဲ့ပြီဖြစ်သည်။(နာဂ အမျိုးသားရေးနှင့် ဖောက်ပြန်မှုလုပ်ရပ်စာအုပ်မှ)

No comments:

Post a Comment