ကြိုဆိုပါတယ်

Popular Posts

အာကာထွန်းနှင့်ကစင့်ကလျားဝီဟူးပွဲတော်

လတ်တလောကြားလိုက်ရတဲ့သတင်းက လွတ်လပ်မှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့မူ ကိုယုံကြည်မြတ်နိုးပြီး ယဉ်ကျေးမှုနှင့်အမျိုးသားရေးကိုအလေး အနက်ထားတတ်တဲ့ နာဂလူမျိုးတစ်ယောက်အတွက် တော်တော်လေး ကိုစိတ်ပျက်စရာ၊ ဒေါသထွက်စရာ၊ ရှက်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်။ သတင်းကတခြားမဟုတ်ဘူး-ဒီနှစ်နာဂရိုးရာယဉ်ကျေး မှုဗဟိုပွဲတော် (၀ီဟူးပွဲတော်)ကို နန်းယွန်းမှာ ကျင်းပဖို့အလှည့်ကျရာကနေ လုံခြုံရေ
း နှင့်လမ်းပမ်းဆက်သွယ်ရေးကိုအကြောင်းပြပြီး ပယ်ဖျက်ခံလိုက်ရတဲ့ သတင်းပဲဖြစ်ပါ တယ်။ ပွဲတော်ကိုလက်ခံကျင်းပရဲ့မယ့် နန်းယွန်းမြို့နယ် နာဂရိုးရာယဉ်ကျေးမှုမြို့နယ် ကော်မတီခွဲအနေနှင့်တော့ တာဝန်ကြီး တစ်ရပ်ပေါ့သွားတယ်လို့ယူဆနိုင်ပေမယ့်၊ အလေးအနက်တွေး ကြည့်မယ်ဆိုရင်တော့ ဒီကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။

အာကာထွန်းနဲ့နိုင်ငံတော်ပွဲတော်
ဒီနှစ်ဆန်းကတည်းက နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမြို့မှာ ကျင်းပဖို့ အလှည့်ကျတယ်ဆိုတဲ့သတင်းအခိုင်အမာထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတုန်း ကလည်း နန်းယွန်းမြို့မှာပဲ အလှည့်ကျလို့လက်ခံ ကျင်းပခဲ့ဖူးလို့ အဲ့ဒီတုန်းကပွဲတော် အတွေ့အကြုံလေးကိုပြောရရင် နာဂတစ်ယောက်အနေနဲ့ တော်တော်လေးကို ရှက်စရာကောင်းသလို ဒေါသထွက်ဖို့လဲကောင်းခဲ့ပါတယ်။ လဟယ်မြို့မှာ ကျင်းပခဲ့ တဲ့နာဂပွဲတော် အလှည့်တစ်ခုမှာဆိုရင် နာဂမျိုးနွယ်စုတစ်ချို့ရဲ့ယဉ်ကျေးမှုဝတ်စုံဟာ နိုင်ငံတော်အဆင့်ကျင်းပတဲ့ပွဲတော်မို့ ပွဲတော်တက်ရောက်လာမယ့် နိုင်ငံခြား သား နှင့်နိုင်ငံတော်အကြီးအကဲဆိုသူတွေရှေ့မှာ အမြင်သင့်လျှော်အောင် ဆိုပြီး အာကာထွန်း ဘောင်းဘီတွေနဲ့အစားထိုးလဲလှယ်ဝတ် ဆင်စေခဲ့တာ ကြောင့်၊ အဲ့ဒီတုံးကနာဂပွဲတော်ကို အာကာထွန်းပွဲတော်လို့တောင် ပြည်မမှာ သရော်စရာဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်း က၀တ်ဆင်စေခဲ့တဲ့အာကာထွန်း ဘောင်းဘီတိုတွေကို ဒီနေ့ပွဲတော်တွေထိ မျိုးနွယ်စု အကသမားအချို့ဝတ် ဆင်နေတုန်းပါ။ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် တွေအပေါ် ပြင်ပအင်အားစုတွေရဲ့ဝင်ရောက်စွပ်ဖက်လွှမ်းမိုးမှုရဲ့အစိတ် အပိုင်းတစ်ခုပါ။ ဗဟိုအနေနဲ့လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ နိုင်ငံတော်ပွဲဆိုတဲ့ခေါင်း စဉ်အောက်မှာ နာဂတွေရဲ့ယဉ်ကျေးမှုပွဲတော် (၀ီဟူးပွဲတော်) ဟာ အထိန်း ချုပ်ခံ ဘ၀နှင့်တော်တော်ကို ကစဥ့်ကလျား-ကို့ယို့ကားယားနိုင်ခဲ့တာ ကိုပြန်တွေးကြည့်ရင် ကျုပ်တို့နာဂတွေရဲ့ အမျိုးသားဂုဏ်သိက္ခာနှင့်နာဂ ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းဗဟိုကော်မတီဝင်တွေရဲ့အခန်းဂဏ္ဍကိုမေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ နိုင်ငံခြားသားခရီးသွား တွေလာရောက် လည်ပတ်မှာမို့ တိုင်းယောင်းချောင်းကမ်းပေါ်က ဒေသခံအချို့ ရဲ့စိုက်ခင်းကို ဖျက်သိမ်းပြီး အရေးပေါ်ဆောက်လုပ်ခဲ့တဲ့ ယာယီတည်းခိုခန်းတွေဟာ နိုင်ငံခြားသားခရီးသွားတွေလာရောက်ခွင့်ကိုပိတ်ပင်လိုက်တာကြောင့် အချည်းနှီးဖြစ် သွားခဲ့ဖူးပါတယ်။ ပွဲတော်အစီအစဉ်တွေဟာလည်း မိနစ်နှင့် အမျှပြောင်းလဲနေသလို အထက်ညွန်ကြားချက် အမိန့်ကိုစောင့်ဆိုင်း နေရတာကြောင့် အရာအားလုံးဟာ ဘယ်သူ့ကိုအဖေခေါ်ရမှန်း မသိဖြစ်ခဲ့ရသလို နံနက်စောစောလုပ်မယ့် ပွဲတော်ဖွင့် ပွဲကိုတောင် နေ့လည်နေမြှင့်မှ လုပ်နိုင်ခဲ့တာပါ။ အဲ့ဒီ ၂၀၁၀ နန်းယွန်းပွဲတော်အတွေ့ အကြုံကိုပြန်ပြောရရင် ပြောမကုန်နိုင်တဲ့ အတွေ့အကြုံတွေ ရင်ဖွင့်လို့မဆုံး နိုင်တဲ့ ခံစားချက်တွေ-ဒုနဲ့ဒေးမို့ တူးဆွပြီးပြန်မပြောလိုတော့ပါဘူး။ ကို့ယိုးကားယားနိုင်ခဲ့တဲ့ အဲ့ဒီပွဲတော်ပြီးသွားတာနဲ့လူထုခေါင်းဆောင်တွေနှင့် လူထုတွေကြားမှာ ၀မ်းသာစရာ မျှော်လင့်ချက်လေးတစ်ခုကို ကျုပ်နားနဲ့ ကြားခဲ့ဖူးပါတယ်။ အဲ့ဒါက-“…နောင်နှစ်တွေ မှာဆိုရင် ကိုယ့်ပွဲတော်ကို ကိုယ်ကိုယ်တိုင်ကျင်းပခွင့်ရတော့မှာပါ။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်လည်း ရထားပြီဖြစ်လို့ အစိုးရအနေနဲ့ ဒီလိုလူမျိုးစုပွဲတော်တွေမှာ ၀င်မပါတော့ ဘူး….”ဆိုတဲ့ မျှော်လင့်ချက်တွေကို နန်းယွန်းမြို့ကမထွက်ခင်မှာတင် ကြားခဲ့ရပါတယ်။ နာဂပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့အမျိုးသားယဉ်ကျေးမှု ပွဲတော်ကြီးကို ကိုယ်ကိုယ်တိုင် လွတ်လပ်စွာကျင်းပပြီး ပွဲတော်ရဲ့အနှစ် သာရကို အပြည့်အ၀ခံစားခွင့်ရဖို့ မျှော်လင့် ချက်အသံတွေကို ကျွန်တော်ကြားခဲ့ရတာလို့ထင်ပါတယ်။ နိုင်ငံတော်ပွဲတော် လို့ခေါင်းစဉ် တပ်ခံရတာကို အူမချေးခါးအတွင်းကလီစာကပါ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူမဆုံးကြွားလုံးထုတ်ထုတ်နေတတ်တဲ့ နာဂခေါင်းဆောင် ဆိုသူတွေအနေနဲ့ အဲ့ဒီခေါင်းစဉ်အောက်မှာ ကျုပ်တို့ဆုံးရှုံးခဲ့တဲ့ (ဆုံးရှုံးနေဆဲ ဖြစ်တဲ့) နာဂအမျိုးသားရေး ဂုဏ်သိက္ခာနှင့်ယဉ်ကျေးမှုအနှစ်သာရတန် ဘိုးတွေကို ကိုယ့်ဦးနှောက်ချိန်ခွန်ထဲ ထည့်ချိန်တွေးမြင်နိုင်ဖို့ မပြောချင် လှပေမယ့် ရှေ့မျက်နှာနောက်ထားပြီးပြော လိုက်ရတာပါ။

ဒုံရင်းပေါ့ဗျာ
ခုလဲလာပြန်ပြီ..ဘာတဲ့။ …လမ်းပမ်းဆက်သွယ်ရေးနဲ့ လုံခြုံရေး ကြောင့်….တဲ့လား။ လာမယ့် ၂၀၁၃ ခုနှစ်အတွက် အလှည့်ကျတဲ့ နန်းယွန်းမြို့မှာကျင်းပမယ့် နာဂရိုးရာ ယဉ်ကျေးမှုပွဲတော် (တစ်နည်း အားဖြင့် နာဂနှစ်သစ်ကူးပွဲတော်) ဗဟိုအဆင့်ပွဲတော်ကို နန်းယွန်းမှာ မကျင်းပဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ကိစ္စအပေါ် မြို့နယ်အသီးသီးမှာရှိတဲ့ နာဂလူထုနှင့်နာဂလူမှုအဖွဲ့အစည်းအသီးသီးအနေနဲ့တော်တော်ကို စိတ်ပျက်ဒေါသ ထွက်နေကြပါတယ်။ ဆုံးဖြတ်ချက်ကိုစိတ်ပျက်ဒေါသ ထွက်တာထက် အဲ့သလို ဆုံးဖြတ်ချက်ချရတဲ့အကြောင်းအရာနှင့်လုပ်ပုံ ကိုင်ပုံကိုစိတ်ကုန်ဒေါသထွက်လာကြတာပါ။ မူမမှန်ဘူးပေါ့ဗျာ…။

နန်းယွန်းမှာ ၂၀၁၃ အတွက်ကျင်းပမယ့် ပွဲတော်အခြေအနေနဲ့ဆက်စပ်ပြီး လွှတ်တော် အမတ်အချို့က ဖောက်လုပ်လျှက်ရှိတဲ့ လဟယ်-နန်းယွန်း ကားလမ်းအခြေအနေကို မေးမြန်းပါတယ်။ လွှတ်တော်အမတ်ဆိုတာ နာဂလူ မျိုးဖြစ်တဲ့ ကြံ့ဖွံ့ပါတီဝင်-နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင်များဖြစ်တဲ့ လွှတ်တော်အမတ်တွေကိုပြောတာ။ အဲ့ဒီမှာ လမ်းဖောက်လုပ်ရေး အတွက်ပို့လိုက်တဲ့ လမ်းဖောက်ယန္ဒယားမော်တော် ယဉ်တွေဟာ နန်းဆလိန်ချောင်းရေကြီးတာကြောင့် တံတားရဲ့လဟယ်ဘက်ကမ်းကို မရောက်နိုင်ဘဲ ဆင်သေဘက်ကမ်းပေါ်မှာ သောင်တင်နေတာကြောင့် နန်းယွန်း-လဟယ်ကားလမ်းဟာ ဒီနှစ်ပွဲတော်အမီမပြီးမြောက်နိုင်ဘူးလို့ ဆိုလာပါတယ်။ လိုရင်းပြောရရင်၊ နိုင်ငံတော်အဆင့်အရာရှိတွေနှင့်နိုင်ငံခြား ခရီးသွားတွေလာရောက် နိုင်ခြေရှိတဲ့ နာဂယဉ်ကျေးမှုပွဲတော်ကို လမ်းခရီးအ ခြေအနေအရ ဖျက်သိမ်းဖို့ ယဉ်ကျေးမှုဗဟိုကော်မတီကဆုံးဖြတ် လိုက်ပါ တယ်။ နောက်ထပ်အကြောင်းပြ ချက်တစ်ခုက၊ လုံခြုံရေးပေါ့။ လုံခြုံရေး ဆိုတာဘာကိုဆိုလိုတာပါလဲ။ ဘယ်သူ့အတွက် လုံခြုံရေးလဲ။ ဒီပွဲတော်က နာဂလူမျိုးတွေရဲ့ယဉ်ကျေးမှုပွဲတော် (လူထုပွဲတော်) ဖြစ်လို့ ကျုပ်တို့နာဂ လူထုတွေအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်စုံတစ် ရာရှိနေလို့လား။ မဟုတ်ဘူးဆိုရင် လုံခြုံရေးအတွက်စိုးရိမ်ရတဲ့သူတွေ မပါဝင်ပဲ (မတက်ရောက်လဲ) ကျုပ်တို့နာဂပွဲတော်ကို ကျုပ်တို့ပြည်သူ တွေကိုယ်တိုင်လွတ်လပ်စွာ မကျင်းပနိုင်ဘူးလား။ ဗဟိုကော်မတီကရော ဒီပွဲတော်ကိုကျင်းပနေတာ ဘယ်သူ့ အတွက်၊ ဘာရည်ရွယ်ချက်နဲ့ ကျင်းပနေတာပါလဲ။ မေးပါရစေ။ နာဂရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ အနေနဲ့ အမျိုးသားရေးလုပ်ငန်းတွေကို ရည်မှန်းချက်အဆင့်မှာတော့ ကြီးမားပေမယ့်၊ လက်တွေ့မှာကျတော့ ပြက္ခဒိန်ထုတ်တာနဲ့ ပွဲတော်ကျင်းပ တဲ့ အလုပ်ကိုသာ အဓိကလုပ်ဆောင်နေတာပါ။ ဒါကိုတောင် စနစ်တကျနဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ မစွမ်းဆောင်နိုင်တာက အမျိုးသားရေး အမြင်နဲ့ကြည့်ရင် ရှက်ဖို့ ကောင်းတယ်။ လုပ်နိုင်ဖို့အင်အားမလုံလောက် ဘူးလို့အကြောင်းပြမယ်ဆိုရင်-ရှိနေတဲ့ လူထုထဲက လူ့အရင်းအမြစ်တွေကို လူမှန်နေရာမှန်အသုံးချတတ်ဖို့လိုပါလိမ့်မယ်။ တစ်ချိန်မှာ မြို့နယ်အသီးသီး မှာရှိတဲ့ နာဂလူထုနှင့် မြို့နယ်ယဉ်ကျေးမှုကော်မတီတွေရဲ့ အယုံအကြည် ကင်းမဲ့သွားရင် ဗဟိုကော်မတီဟာ လူထုထောက်ခံမှု Mandate ဆုံးရှုံးပြီး အဖွဲ့အစည်းပါပျက်သုန်းသွားနိုင်တာကို သတိမူဖို့လိုပါတယ်။ ဒီလိုဖြစ်လာ ဖို့ကို အကြောင်းဖန်သူတွေနဲ့ ကလန်ဖန်ထိုးသူတွေမရှိဘူးလို့ ကျုပ်တို့ မသိနိုင်ဘူး။ အဓိကတော့ ဒီလိုအလုပ်တွေကို ကျုပ်တို့နာဂတွေ မကျွမ်းကျင်တာကြောင့် သတိထား သင့်တယ်။

မျောက်တွေမဟုတ်ဘူး
ယဉ်ကျေးမှုဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ နန်းယွန်းမြို့ မှာကျင်းပ မယ့်အစီ အစဉ်ကို ပယ်ဖျက်လိုက်တာကို ကျုပ်တို့ပြည်သူတွေအနေနဲ့ အဆုံးစွန်ထိနား လည်ပေးနိုင်မယ်ဆိုရင်တောင် နားလည်ပေး လို့ရ တယ်ထားအုံး- ကိစ္စက ဒီမှာတင်မပြီးဘူး။ နန်းယွန်းမှာပယ်ဖျက်ပြီး အားလုံး အတွက်အဆင်အပြေဆုံးဖြစ်မယ့် ဇင်္ဂလိန်းခန္တီးမြို့မှာ ဗဟိုပွဲတော်ကို ပြောင်းရွေ့ကျင်းပဖို့ဆုံးဖြတ်တယ်လို့ဆိုပါတယ်။ ပြသနာက အဲ့ဒီမှာစတာပါ။ နဂိုကတည်းက နာဂယဉ်ကျေးမှုပွဲတော်ကျင်းပရေးနဲ့ ဆိုင်တဲ့ကိစ္စကို လွှတ်တော်အမတ်အချို့ရဲ့မေးခွန်းကြောင့် ရွေ့ဆိုင်းလိုက်တယ်ဆိုတာ ကိုက လမ်းကြောင်းမမှန်သလို၊ လမ်းပမ်းဆက်သွယ်ရေးနှင့် လုံခြုံရေး ကြောင့်ရွေ့ ဆိုင်းတယ်ဆိုတာကလည်းမဟုတ်သေးဘူး။ လမ်းပမ်း ဆက်သွယ်ရေးကိုအကြောင်း ပြရင် အဲ့ဒီလမ်းတွေကနေလာမှာက ပွဲတော်ကိုလာကြမယ့် နာဂမျိုးနွယ်စုတွေ၊ နာဂစော်ဘွားတွေ၊ နာဂအမျိုး သားခေါင်းဆောင်တွေမဟုတ်ဘူး။ ပွဲတော်ရဲ့အထူး ဧည့်သည်တွေပဲမဟုတ် လား။ ဧည့်သည်လာရင် ဧည့်ဝတ်ကြေဖို့အစွမ်းကုန် တာဝန် ယူရမှာက ယဉ်ကျေးမှုအရအိမ်ရှင်တွေရဲ့တာဝန်ဖြစ်ပေမယ့် သူလာမယ့်လမ်းကိုဖောက် ပေးပြီး၊ သူ့လုံခြုံရေးကိုပါတာဝန်ယူဖို့ဆိုတာ ပွဲတော်ရဲ့ရည်မှန်းချက် မဟုတ်ဘူး။ ဆိုလိုတာက ဘယ်သူလာလာမလာလာ၊ ကျုပ်တို့ပွဲတော်ကို ကျုပ်တို့တာဝန်ယူပြီးကျင်းပ ရမှာမဟုတ်ဘူးလား။ ကိုယ့်စီလာလည်မယ့် ဧည့်သည်တွေစိတ်ကျေနပ်မှုရအောင် ပြုလုပ်တဲ့ပွဲဟာ အမျိုးသားရေး ကိုဂုဏ်ဆောင်တဲ့ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုပွဲတော် လို့မဆိုထိုက်ဘူး။ ခေတ်စနစ်ရဲ့တိုးတက်မှုစံနှုန်းနဲ့နှိုင်းယှဉ်ရင် ကျုပ်တို့နာဂ လူမျိုးတွေဟာ ရှေးဆန်ချင်ဆန်နေမယ်၊ ဒါပေမယ့်ကျုပ်တို့နာဂလူမျိုးတွေဆိုတာ ငှက်ပြောသီးလာရာကိုမျက်နှာမူပြီးကပြတတ်တဲ့ မျောက်တွေမဟုတ်ဘူး ဆိုတာ ကျုပ်တို့ ခေါင်းဆောင်အချို့လည်း နားလည်ထားဖို့လိုပါလိမ့်မယ်။


ကွိုင်ရှိတယ်
ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်က နန်းယွန်းမြို့အစား ဇင်္ဂလိန်းခန္တီးမြို့မှာ ယဉ်ကျေးမှု ဗဟိုပွဲတော်ကို ကျင်းပဖို့ဆုံးဖြတ်ရင် အဲ့ဒီဆုံးဖြတ်ချက်က အတည်ဖြစ်ဖို့လိုတယ်။ တခြားဘယ်အကြောင်းအရာကိုမှ မစဉ်းစားသင့်ဘူး။ ခုဟာက ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်က အတည်မဟုတ်ပဲ၊ လဟယ် အခြေစိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသဆိုင်ရာ ဦးစီးအဖွဲ့ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကိုလိုက်ပြီး ဗဟိုကော်မတီအနေနဲ့ ကိုယ့်ပွဲတော်ကို ဟိုရွေ့ ဒီရွေ့လုပ်ဆောင်တာဟာ အဖွဲ့အစည်းဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်ငြိုးနွမ်း စေသလို၊ လူမျိုးတစ်ခုကိုကိုယ်စားပြုတဲ့ လူမှုအခြေပြုယဉ်ကျေးမှုအသင်း အဖွဲ့တစ်ခုမှာ ကိုယ်ပိုင်ရပ်တည်ဆုံးဖြတ်နိုင်တဲ့လွတ်လပ်ခွင့်စွမ်းအားတွေ ကင်းမဲ့နေပြီ ဆိုတာ လှစ်ပြသလိုဖြစ်နေပါတယ်။ နိုင်ငံတော်အနေနဲ့လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းထားတာက တိုင်းရင်းသား လူမျိုးများရဲ့ယဉ်ကျေးမှုထိန်း သိမ်းရေးဆိုင်ရာလုပ်ငန်းတွေကို အတတ်နိုင် ဆုံးကူညီအားပေးမယ်ဆိုတဲ့ သဘောသက် ရောက်တဲ့ ပြဌာန်းချက်ပဲပါပါ တယ်။ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်မှာလုပ်ဆောင်ရ မယ်ဆိုတဲ့ ထိန်းချုပ်မှုသဘောဆန်တဲ့ ရည်ညွန်းချက်တွေမပါနေတာထင်ရှားနေသလို၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေအပေါ် ထိန်းချုပ်ကန့် သန့်ဖို့ဆိုတဲ့ သဘောသက်ရောက်တဲ့ ဘယ်လိုပြဌာန်းချက်ကိုမှ အခြေခံဥပ ဒေမှာ ပြဌာန်း မထားပါဘူး။ တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေ အတွက်လည်း နည်းဥပဒေ တွေ ပြဌာန်းတာမျိုးလည်းမရှိသေးပါဘူး။ ဒါကြောင့်၊ လူမျိုးတစ်ခုရဲ့ယဉ်ကျေးမှုနှင့် အမျိုးသားရေးအရကျင်းပတဲ့ ပုံမှန်ပွဲတော်တစ်ရပ်ကို အစိုးရအရာရှိတစ်ဦးက သူ့သဘောနဲ့ဘယ်မှာကျင်း ပရမယ်လို့ဆုံးဖြတ်တာဟာ အခြေခံဥပဒေ လမ်းကြောင်းနဲ့ ဆန့်ကျင်နေ သလို၊ ယဉ်ကျေးမှုဗဟိုကော်မတီဝင်တွေအနေနဲ့လည်း၊ တစ်စုံတစ်ဦးရဲ့ ဆုံးဖြတ်ချက်ကိုအတည်သဘောယူပြီး၊ တောင်ရွေ့မြောက်ရွေ့ လုပ်ဆောင် တာဟာ နာဂလူမျိုးတစ်မျိုးသားလုံးကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ အမျိုးသား ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ အစိုးရတစ်ရပ်ဟာ သူ့ရဲ့အစိုးရလုပ်ငန်းဆိုင်ရာမူဝါဒ လမ်းကြောင်းအရ ခွင့်ပြုခြင်းမပြုခြင်းက သူ့ရဲ့ပုံမှန်အလုပ်ပါ။ ခွင့်မပြုရင်ခွင့်ပြုချက်ရ အောင်လုပ်ဆောင်ရ မှာကယဉ်ကျေးမှုအဖွဲ့အစည်းရဲ့တာဝန်ပဲ။ လူတစ်ယောက်ရဲ့ဆုံး ဖြတ်ချက်ကြောင့် ဟိုရွေ့ဒီရွေ့လုပ်နေတာထက် ကိုယ်ဆုံးဖြတ်ထား တဲ့အတိုင်းလုပ်ခွင့် မရရင် မလုပ်ပဲနေတာက ပိုပြီးအဓိပယ်ရှိပါတယ်။ ဇင်္ဂလိန်းခန္တီးမြို့ဆိုတာ နာဂလူမျိုးနှင့်နာဂနယ်မြေတွေနှင့်ဆိုင်တဲ့ ရေးရာတွေရဲ့ ရုံးဆိုက်ရာမြို့ပါ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနာဂဒေသဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရသာပေါ်လာတာဖြစ်ပြီး၊ ဇင်္ဂလိန်း ခန္တီးမြို့ဆိုတာကတော့ ဟိုးအရင်ကတည်းက နာဂတောင်တန်းခရိုင်ရဲ့ခရိုင်မြို့ တော်ဖြစ်ခဲ့ပါတယ်။ နောင်ကျမှ ခန္တီးခရိုင်ဆိုပြီးပြောင်းလဲအမည်ပေးခဲ့တာပါ။ သမိုင်းကြောင်း အရလည်း၊ နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီကိုစတင်ဖွဲ့စည်းခဲ့ကြတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကတည်းက နာဂယဉ်ကျေးမှုပွဲတော် ဗဟိုအဆင့်ကို ဇင်္ဂလိန်းခန္တီးမြို့ပေါ်မှာရှိတဲ့ နာဂရိုးရာယဉ်ကျေးမှုကွင်းမှာ ၀ီးဟူးပွဲတော်ဆိုတဲ့ခေါင်းစီးနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကြတာကို အားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့်၊ နာဂပွဲတော်ကို နန်းယွန်းမြို့ မှာမကျင်းပ နိုင်ရင်တောင်၊ ဇင်္ဂလိန်းခန္တီးမြို့မှာ ရွေ့ပြောင်း ကျင်းပဖို့ဆုံးဖြတ်လိုက်တဲ့ နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီရဲ့ မူလဆုံးဖြတ်ချက်ကို ကျုပ်တို့လို သာမန် နာဂပြည်သူတွေအနေနဲ့အပြည့်အ၀ထောက်ခံအားပေးဖို့လိုပါတယ်။ ဗဟိုကော်မတီက လည်း ကိုယ့်ဆုံးဖြတ်ချက်ကို ခုတစ်မျိုးတော်ကြာတစ်မျိုး မဟုတ်ပဲ အခိုင်အမာနဲ့ကို ရပ်တည်ဖို့လိုပါတယ်။ နာဂအမျိုးသား ကိုယ်စားပြု တဲ့အသင်းအဖွဲ့ တစ်ရပ်အနေနဲ့ ယဉ်ကျေးမှုပွဲတော်ကျင်းပရေးကိုတောင် တာဝန်မယူနိုင်ရင် တခြားအမျိုး သားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ရာမှာ ဦးဆောင်အဖွဲ့အစည်း အဖြစ်ရပ်တည်တယ် ဆိုတာကို နာဂမျိုးနွယ်စု အသီးသီးသာမက လက်အောက်ခံနာဂရိုး ရာယဉ်ကျေးမှု ကော်မတီအ သီးသီးကပါ လက်ခံနိုင်ဖို့ဆိုတာ ရေရှည်မှာမလွယ်ကူဘူး။ ကွိုင်ရှိတယ်။

မြင်ပြီးပြင်ကြပါ
ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ဗဟိုကော်မတီမှာ လက်ရှိဖြစ်နေတဲ့ပြသနာက အဖွဲ့အစည်း ဆိုင်ရာတာဝန်ခံတွေရဲ့ တာဝန်ဆင့်ကဲမှု Power Overlap ဖြစ်နေတဲ့ပြသနာပါ။ နာဂရိုးရာယဉ်ကျေးမှုကော်မတီဟာ အမျိုးသားရေး နှင့်ယဉ်ကျေးမှုကိုတိုက်ရိုက် တာဝန်ခံတဲ့ လူထုအခြေပြုအသင်းအဖွဲ့ပဲဖြစ် သင့်ပါတယ်။ ဘယ်နိုင်ငံရေးအယူအဆပဲ ရှိရှိ၊ ပါတီပဲဖြစ်ဖြစ်၊ ဘာသာရေး ဂိုဏ်းဂဏပဲဖြစ်ဖြစ်၊ ကုန်ကုန်ပြောရရင် နာဂမှန်ရင် သူတောင်းစားကအစ-၀န်ကြီးချုပ်အဆုံး ဘယ်ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည်ဖြစ်စေ အမျိုးသားရေး နဲ့ပတ်သက်လာရင် ဒီအသင်းအဖွဲ့ကြီးက တိုက်ရိုက်တာဝန်ခံနိုင်ဖို့လို အပ်တယ်။ အဲ့သလိုအသင်းအဖွဲ့ အဖြစ်ရှင်သန်လာအောင် လုပ်ရမှာက တစ်ခုပဲရှိပါ တယ်။ နာဂခေါင်းဆောင်တွေအနေနဲ့ ဒူးနေရာဒူး၊ တော်နေ ရာတော်၊ ကိုယ့်နေရာ ကိုသိပြီး-ကိုယ့်အလုပ်ကိုယ်-ဖိဖိစီးစီး လုပ်ကြမယ်ဆို ရင် ခုလိုအရှုပ်အထုပ်တွေ-အမျိုးသားရေးအရအာရုံနှောက်စရာတွေ ရှိလာမှာမဟုတ်ပါဘူး။ ကျုပ်လိုသာမန်နာဂ ပြည်သူတစ်ယောက်လည်း၊ ဒီလောက်မျက်နှာနာစရာကောင်းတဲ့ဒီလိုစာမျိုး တွေရေး ဖို့လိုနေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်၊ ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ပြင်သင့်တာပြင်၊ မြင်သင့်တာကိုမြင်၊ မြင်တာကိုပြော၊ ပြောတာကိုလုပ်ပြီး၊ အမျိုးသားရေးကို အမှန်တကယ်ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အသင်း အဖွဲ့ကြီးတစ်ခု ဖြစ်လာအောင် ကြိုးစားရပါလိမ့်မယ်။

မြို့နယ်ပွဲတော်တွေရှိမယ်
ဗဟိုပွဲတော်ကျင်းပရေးအခြေအနေတွေဘယ်လိုပဲ ရှိရှိ၊ မြို့နယ်အဆင့် ပွဲတော် တွေကိုတော့ နာဂဒေသရဲ့မြို့အသီးသီးမှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဇင်္ဂလိန်းခန္တီးမြို့မှာ လဲ ဗဟိုအဆင့်ပွဲတော်ကို မကျင်းပနိုင်ဘူးဆိုရင်တောင် ဇင်္ဂလိန်းခန္တီးမြို့နယ် အဆင့်ပွဲကိုတော့ တခန်းတနားကျင်းပဖို့ အစီအစဉ်ရှိ တယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ကျုပ်တို့ပြည်သူတွေသတိထားရမှာက လဟယ်မှာလုပ်မယ့်ပွဲဟာ မြို့နယ်အဆင့် ပွဲမဟုတ်ပဲ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုကျော်လွန်လုပ်ဆောင်ထားတဲ့ ဗဟိုပွဲတော် အဆင့်ကို ကျင်းပမှာဖြစ်လို့ အဲ့ဒီပွဲတော်ကို မြို့နယ်အသီးသီးက နာဂလူမျိုးနှင့်မျိုးနွယ်စု အသီးသီးရဲ့ကိုယ်စားလှယ်တွေတရားဝင်တက်ရောက်နိုင်ဖို့က သိပ်မသေချာ နိုင်ဘူး။
နာဂလူမျိုးတွေကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင်ထိန်းသိမ်းစောင့် ရှောက်နိုင်တဲ့နေ့ ကိုအမြန်ဆုံးရောက်ရှိနိုင်ပါစေ…

သုတမောင် 
Tu Ta Maung facebook စာမျက်နှာတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်း မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment