ကြိုဆိုပါတယ်

Popular Posts

အကြံကုန်ဂလုန်ဆားချက်လေရော့သလား

လူမျိုးတစ်မျိုး၏အနာဂတ်နှင့်တိုက်ရိုက်ပတ်သက်သောငြိမ်းချမ်းရေးလုပ်ငန်းများကဲ့သို့အရေးပါသည့်ကိစ္စရပ်များတွင် ထိုလူထုတစ်ရပ် လုံး၏ကိုယ်စား ပြုသည့်လူထုကိုယ်စားလှယ်များ၏သဘောထားကိုခံယူ သည်ဟူသည် လုပ်သင့်လုပ်ထိုက်သော မှန်ကန်သည့်လုပ်ဆောင်ချက်ဟုပင် ဆိုရပေမည်။ သို့သော်လည်း၊ အလုပ်ဟူသည် လုပ်သင့်သည့်အလုပ်ကို၊ လုပ်သင့်သည့်အချိန်ကာလနှင့်လုပ်သင့်လုပ်ထိုက် သည့်ပုဂိုလ်များဖြင့် လုပ်သင့်လုပ်ထိုက်သောနေရာတွင်လုပ် စနစ်တကျလုပ်ဆောင်တတ်ခြင်းငှာ ကြံဆောင်သင့်ပေသည်။ ထိုသို့မဟုတ်ပဲ၊ အချိန်လွန်မှ ရေးကြီး သုတ်ပျာလူထုအားအဝေးခေါ်ယူလျှက် လူထုအကြံအဥာဏ်တောင်း ခံခြင်းဟူသည် မလောင်ရာဆီလူးသကဲ့သို့ပင်ဖြစ်ချေတော့မည်။
နာဂ-ဗမာငြိမ်းချမ်းရေးလုပ်ငန်းကို လက်ရှိလွှတ်တော်ကိုယ်စား လှယ်အချို့က(လူထုMandate မပါပဲ) ကြီးမှူးဆောင်ရွက်နေခဲ့ရာက ရုတ်တရက်လူထုအစည်းအဝေးခေါ်ယူမည်ဟုဆိုရာတွင် လူထုအနေဖြင့် စဉ်းစားစရာများဖြစ်လာခဲ့သည်။

နာဂ-ဗမာငြိမ်းချမ်းရေးလုပ်ရန်စတင်ဆောင်ရွက်ခဲ့စဉ်က ထိုသို့ဆောင်ရွက်နေခြင်းအပေါ် နာဂလူထု လူတန်းစားအသီးသီး၏သဘောထားကို တောင်းခံခြင်း၊ (သို့မဟုတ်) လူထုကိုယ်စားပြုကိုယ်စား လှယ်များနှင့်တွေ့ဆုံလျှက်လူထု၏ Mandate ကိုခံယူခဲ့ခြင်းမရှိခဲ့ပါ။

နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော နာဂအမျိုးသားဆိုရှယ်လစ်ကေင်စီ အနေဖြင့် ပြည်ထောင်စုအဆင့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်ရန်ပြင် ဆင်နေချိန်တွင် အခြားနာဂလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် နာဂအမျိုးသားကောင်စီ(NNC) နှင့်နှစ်ဖွဲ့သဘောထားမတိုက်ဆိုင်မှုကြောင့် လူထုအနေဖြင့်စေ့စပ်ညှိနှိုင်း ပေးရန် လူထုအစည်းအဝေးခေါ်ခြင်းသည် အနှစ်သာရအားဖြင့်ကောင်းမွန်လှပါသည်။ သို့သော်လည်း၊ ယခုလူထုအစည်းအဝေးခေါ်ယူခြင်းသည် နာဂရိုးရာယဉ်ကျေးမှု ဗဟိုမှခေါ်ယူခြင်းဖြစ်သောကြောင့်၊ မေးစရာ ရှိလာသည်မှာ နာဂ-ဗမာငြိမ်းချမ်းရေးလုပ်ငန်းကို နာဂရိုးရာယဉ်ကျေးမှုဗဟိုမှ ဦးဆောင်ပြု လုပ်နေ ခြင်းလော (သို့မဟုတ်) ဒေသခံကြံ့ဖွံ့အမတ်အချို့မှ ကိုယ်ပိုင်အမြင်ဖြင့်ဆောင်ရွက်နေခြင်း လောဟူသည်မှာ လူထုအကြား မရှင်းမလင်းဖြစ်နေသည့်ကိစတစ်ခုဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှု ဗဟို ကော်မတီမှ ဦးဆောင်ခဲ့(နေ)ပါလျှင် မြို့နယ်အသီးသီးရှိ မြို့နယ်ခွဲကော်မတီများ၏ထို လုပ်ငန်းအပေါ် သဘောထားအား ရယူခြင်းမရှိခဲ့သည့်အတွက် မူအားဖြင့်ဆိုရလျှင် နည်းလမ်းမမှန်ဟု ဆိုနိုင်ပါလိမ့်မည်။ ထိုစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းအား ရိုးရာနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဝင်များဖြစ်သည့် လက်ရှိကြံ့ဖွံ့ အမတ်အချို့ကသာဆောင်ရွက်နေခဲ့ခြင်းဖြစ်ပြီး၊ ရိုးရာဗဟိုကော်မတီ အနေဖြင့်ဆောင်ရွက်သည်ဟုဆိုနိုင် လောက်သည့်လမ်းကြောင်းမဟုတ်သည်ကိုသတိမူမိပါသည်။ ထိုစဉ်က NSCN-K အဖွဲ့နှင့်သာငြိမ်း ချမ်းရေးကိစ ကိုဆောင်ရွက်နေသော်လည်း၊ ယခုအခါ NNC ၏ထောက်ပြလာမှုကြောင့် ထိုနှစ်ဖွဲ့အားစေ့ စပ်ပေးရန်လူထုကိုအစည်းအဝေးခေါ်ယူလျှက် လူထု၏ Mandate ကိုရယူရန်စီစဉ်နေခြင်းသည် နည်းလမ်း မမှန်ပေ။ ထို့ကြောင့်မေးစရာရှိလာသည်မှာ လူထုအားအစည်းအဝေးခေါ် ယူရန်မည်သူက ညွှန်ကြားခဲ့ပါ သနည်း။ အဘယ်အတွက်ကြောင့်နည်း။
နာဂလက်နက်ကိုင်တပ်ဖွဲ့များအကြားစည်းလုံးညီညွတ်မှုရရှိရေးသည် ဒေသငြိမ်းချမ်းရေးနှင့်နာဂအမျိုး သားစည်းလုံးညီညွှတ်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သောကြောင့် ထိုလုပ်ငန်းအောင်မြင်ရေး တွင်မည်သည့်နာဂအဖွဲ့အစည်းမဆိုတက်ကြွစွာပါဝင်ဆောင်ရွက်သင့်သည့်ကိစပင်ဖြစ်ပေသည်။

နာဂလက်နက်ကိုင်တပ်ဖွဲ့များအားလုံးစည်းလုံးညီညွတ်လျှက် အင်အား တစ်ခုတည်းအဖြစ် GoI နှင့်သော် လည်းကောင်း၊ Myanmar Govt နှင့်သော် လည်းကောင်း ငြိမ်းချမ်းမှုရရှိရေးသည် Theory ရှုထောင့်မှကြည့် လျှင်ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစဟုဆိုနိုင်သော်လည်း၊ လက်တွေ့တွင် အဆိုပါအဖွဲ့အစည်း များအကြားအယုံအကြည်မရှိသောကြောင့် အစကပင် ကွဲခဲ့ကြခြင်းဖြစ်သည်ကိုမမေ့အပ်ပေ။ အိနိယဘက်ရှိ နာဂလူထု အခြေပြုအဖွဲ့အစည်းများအနေဖြင့် နာဂလက်နက်ကိုင်အင်အားစု များအားလုံးညီညွတ်မှု ရရှိရေး အတွက် လူထုညီလာခံများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ဆုတောင်းပွဲများ၊ လူထုလှုပ်ရှားမှုများ၊ စသည် တို့ကို အရှေ့နာဂဒေသရှိပြည်သူများထက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ် သော်လည်း၊ အောင်မြင်မှု မရှိသေးသည်ကို တွေ့ရှိရမှာဖြစ်ပေသည်။ ထို့ကြောင့်ပင်၊ နာဂလက် နက်ကိုင် တပ်ဖွဲ့များအစိုးရအသီးသီးနှင့်အပစ်ရပ်ရာတွင်လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ရာတွင်လည်းကောင်း၊ သီးခြားစီပြုလုပ်ခဲ့ကြခြင်း သာဖြစ်ပေသည်။ ထိုသို့သောဥပမာမျိုး၊ မြန်မာနိုင်ငံရှိအခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကြားတွင်လည်းရှိပါသည်။ ဥပမာအားဖြင့်၊ KNU နှင့် DKBA, KIA နှင့် NDA-K, စသည်ဖြင့်…။

မူလကပင် မယုံကြည်သောကြောင့် (သို့မဟုတ်) မတူဟုယုံကြည်သောကြောင့် ကွဲခဲ့ရပါလျှင် ထိုအင်အားများအားစုစည်းရန်ကြိုးပမ်းခြင်းသည်၊ မရမဟုတ်-ရနိုင်ကောင်းရပါလိမ့်မည်။ သို့သော်၊ အတွေ့အကြုံများဖြင့်သုံးသပ်ရပါလျှင် လုံလောက်သောအချိန်ကာလတစ်ခုကိုကျော်ဖြတ်ရပါလိမ့်မည်။ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်မူ ထိုကဲ့သို့ မိမိတို့လိုသလောက်အချိန်ကို ဆွဲဆန့်ယူနိုင်မည့် အနေအထားမျိုး မဟုတ်သောကြောင့်၊ နိုင်ငံတော်အဆင့်ပြုလုပ်မည့် ထာဝရငြိမ်းချမ်းရေးတွင်လည်းကောင်း၊ ရေပန်းစားနေသည့် ဒုတိယပင်လုံညီလာခံတွင်လည်းကောင်း နာဂအမျိုးသားအင်အားစု အသီးသီးတို့ပါဝင် နိုင်ရေးကိုမျှော်လင့်ပါလျှင်မူ ထိုရည်ရွယ်ချက်အားနှောင့်နှေးစေမည့် ကိစများကို စဉ်းစားနေခြင်းသည် အချိန်ဖြုန်းရာရောက်ပေလိမ့်မည်။ ထိုသို့စုစည်းရန်အောင်မြင်မည်ဆိုပါလျှင် အနောက်နာဂဒေသရှိအင် အားစုများအကြားတွင်အောင်မြင်ခဲ့ပြီး ယနေ့တွင် အနောက်နာဂဒေသတွင်သေနတ်သံများချုပ်ငြိမ်းကာ စည်ပင်ဝပြောသည့် Nagalim ဖြစ်နေပါလိမ့်မည်။ ထိုသို့မဟုတ်ခဲ့သောကြောင့်သာ ညီအစ်ကိုချင်းငြိမ်း ချမ်းရေးကို ပညာရှင်များဖြင့်ယနေ့တိုင်ကြိုးပမ်းနေရခြင်းဖြစ်ပါသည်။

နာဂညီနောင်အင်အားစုများ အကြားညီညွတ်မှုရရေးသည် နာဂတို့၏အမျိုးသားရေးရာဖြစ်သောကြောင့်၊ အစိုးရတစ်ရပ်ရပ်နှင့်ချုပ်ဆို မည့်ဆွေးနွေးမှုနှင့်သော်လည်းကောင်း၊ ဒုတိယပင်လုံညီလာခံနှင့်သော်လည်းကောင်း၊ သီးသန့်အကန့် အဖြစ်ရှုမြင်သင့်ပါကြောင်း။ အမျိုးသားရေးကို ဈေးရောင်းသလို ဖုတ်ပူမီးတိုက်မလုပ်သင့်သကဲ့သို့ မိမိတို့၏လုပ်ဆောင်မှုအပေါ် အကြံကုန်လို့ဂလုန်ဆားချက်သည့်အနေအထားမျိုးဖြင့် လည်းမစဉ်းသင့် ပါကြောင်းတင်ပြလိုက်ရပါသည်။

သုတမောင်
Tu Ta Maung facebook စာမျက်နှာတွင်ဖော်ပြထားသော သတင်းကို မူရင်းအတိုင်း မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment